Fact Check: ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တွေ့ဆုံဆိုတဲ့ သတင်းတု

False လူမှုရေး

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တွေ့ဆုံခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်က သားတွေရှိရာ ပြန်လိုတယ်လို့ တောင်းဆိုခဲ့ကြောင်းတယ်ဆိုတဲ့ ဓာတ်ပုံပို့စ်ကို လူမှုကွန်ယက်အသုံးပြုသူတွေက မျှဝေ လျှက်ရှိပါတယ်။ ဒီလိုမျှဝေရာမှာ 7day သတင်းဌာနက ၂၀၂၁ ခုနှစ် ဇူလိုင် ၁၆ ရက်ကမျက်နှာဖုံးအဖြစ် ပုံနှိပ်ဖော်ပြထားတယ်ဆိုတဲ့ ဓာတ်ပုံတစ်ပုံလည်းပါဝင်ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ဒေါ်အောင်ဆန်း စုကြည်က အင်္ဂလန်သို့ အပြီးပြန်လိုတယ်လို့လည်း ပြောကြောင်း ရေးသားထားပါတယ်။

“ဆိုလိုတာက စစ်တပ်ကိုအာဏာရအောင်လုပ်ပေးခဲ့ပေးပြီ၊ (၅)နှစ်တာကာလ ရသမျှလည်းစုဆောင်းခဲ့ပြီးပီ ဆိုတော့ အပြီးပြန်တော့မယ်ပေါ့ ပြည်သူတွေကတော့ ခံကြပေဦးပေါ့”လို့ ရေးသားပြီး “ေစာ ေဒ ဝီ”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားပါတယ်။ တူညီတဲ့ ရေးသားဖြန့်ဝေမှုတွေကို ဒီနေရာဒီနေရာဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ ရပါတယ်။

မူရင်းလင်ခ့် – Fb linkArchive link 

အချက်အလက်စိစစ်ချက်

စစ်တပ်အာဏာရယူပြီးကတည်းက ဖမ်းဆီးထိန်းသိမ်းခံထားရပြီး အမှုပေါင်းများစွာနဲ့ တရားရင်ဆိုင်နေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံခဲ့တယ်ဆိုပြီးတော့ အတည်မပြုနိုင်တဲ့ သတင်းထွက်ပေါ်ခဲ့ပါတယ်။ သို့သော်လည်း 7day သတင်းဌာနဟာ မတ် ၈ ရက်က အခြားမီဒီယာလုပ်ငန်း ၅ ခုနဲ့အတူ စစ်တပ်ထိန်းချုပ်ထားတဲ့ ပြန်ကြားရေး ဝန်ကြီးဌာနက ပိတ်သိမ်းလိုက်ပြီး နောက် မီဒီယာလုပ်ငန်းကို ရပ်ဆိုင်းခဲ့ပြီး အွန်လိုင်းကရော သတင်းစာပါ ဆက်လက်ထုတ်ဝေလုပ်ကိုင် တာမျိုး မတွေ့ရတော့ပါဘူး။ 

အခုလက်ရှိမျှဝေနေတဲ့ screenshot ဓာတ်ပုံကို Google မှာပုံရှာနည်းအသုံးပြုရှာဖွေကြည့်ရာမှာ ဒီဓာတ်ပုံဟာ ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးမှာ တွေ့ဆုံမှုဓာတ်ပုံဖြစ်တာတွေ့ရပါတယ်။ 

မူရင်းလင်ခ့် – ABC NewsArchive link

ထို့အပြင်အဓိကကျတဲ့ စကားလုံးအချို့အသုံးပြုပြီး ပြန်လည်ရှာဖွေကြည့်ရာမှာ ပိတ်သိမ်းသွားပြီဖြစ်တဲ့ 7day သတင်းဌာနက မျက်နှာဖုံးပုံစံဟာအခု လက်ရှိဖော်ပြမျှဝေနေတဲ့ မျက်နှာဖုံးပုံစံနဲ့ တူညီခြင်းမရှိပါဘူး။ 

သုံးသပ်ချက်

ထုတ်ဝေခြင်းမရှိတော့တဲ့ 7day သတင်းဌာနရဲ့ အမှတ်တံဆိပ်ကိုအသုံးပြုလျှက် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ ၂၀၁၅ ခုနှစ်က ဒီဇင်ဘာလအတွင်းက တွေ့ဆုံမှုမှတ်တမ်း ဓာတ်ပုံကို အသုံးပြုကာ သတင်းတုပြုလုပ်မျှဝေနေခြင်းဖြစ်ပါတယ်။

Avatar

Title:ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တွေ့ဆုံဆိုတဲ့ သတင်းတု

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *