
သီတင်းကျွတ်လပြည့်နေ့ မနက်က ရွှေတိဂုံစေတီဗုံးပေါက်လို့မသာပေါ်ကုန်ပြီလို့ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ် အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ ခေါင်းစဉ်တုခေါင်းစဉ်အမှားတွေ ဖန်တီးပြီး လူတွေ စိတ်ဝင်စားမှုကို ရယူထားတဲ့ ဗွီဒီယိုသာဖြစ်ပါတယ်။
“လပြည်နေ့သေ ့ကုန်ပြီ။မနက်ပဲရှိသေးရွှေတိဂုံစေတီဗုံးပေါက်လို့မသာပေါ်ကုန်ပြီ။”လို့ ရေးသားပြီး “HNC hotline” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်တိုဘာ ၉ ရက်မှာ အောက်ပါအတိုင်းမျှဝေထား တာတွေ့ရပါတယ်။

မူရင်းလင်ခ့် – FB link | Archive link
တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်
အဓိကကျတဲ့စကားလုံးအချို့အသုံးပြုရှာဖွေရာမှာ သတင်းမီဒီယာလုပ်ငန်း အဓိကလုပ်ကိုင်နေတဲ့ သတင်းဌာန တွေမှာ သီတင်းကျွတ်လပြည့်နေက ရွှေတိဂုံဘုရားမှာဗုံးပေါက်ကွဲမှုအကြောင်းသတင်းမတွေ့ရပါဘူး။
၄ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုကိုထပ်မံလေ့လာကြည့်ရာမှာ ဗွီဒီယိုထဲမှာရွှေတိဂုံဘုရားဗုံးပေါက်ကွဲမှုနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတစ်စုံတစ်ရာမပါဝင်ပါဘူး။
ဗွီဒီယိုအသံဖိုင်မှာ ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က သူ့ဖေ့စ်ဘွတ်အကောင့်မှာ အောက်တိုဘာ ၈ ရက်ကမျှဝေထားတဲ့ “အချိန်မဆွဲနဲ့ အာရုံမလွှဲနဲ့ စိတ်ဝမ်းမကွဲနဲ့”ဆိုတဲ့တော်လှန်ရေးနဲ့ပတ်သက်တဲ့ စာတစ်ပုဒ် ကို ဖတ်ကြားနေတာတွေ့ရပါတယ်။
ပြီးခဲ့တဲ့ ဝါဆိုလပြည့်ကလည်း အခုလိုပဲ ရွှေတိဂုံဘုရားမှာ ဗုံးပေါက်ကွဲပြီး ၆၈ ဦးသေဆုံးတယ်ဆိုပြီးတော့ သတင်းတုဖြန့်ချိခဲ့ပါသေးတယ်။ Fact Crescendo Myanmar ကအချက်အလက်စိစစ်ထားတာကို ဒီလင့်ခ်မှာ ကြည့်ပါ။

သုံးသပ်ချက်
မြန်မာ ဗုဒ္ဓဘာသာဝင်တွေရဲ့ ၁၂ လရာသီပွဲတော်တွေထဲမှာ သီတင်းကျွတ်ပွဲတော်ဟာ လူထု ပါဝင်ဆင်နွှဲမှုများပြား လေ့ရှိတဲ့ ပွဲတော်တွေထဲကတစ်ခုဖြစ်ပါတယ်။ သို့သော်လည်း အာဏာရယူထားတဲ့ စစ်တပ်ကဦးစီးကျင်းပနေတဲ့ သီတင်းကျွတ်ပျော်ပွဲရွှင်ပွဲတွေကို တော်လှန်ရေးထောက်ခံသူတွေကဆန့်ကျင်ဖို့ ဆော်ဩခဲ့ကြပါတယ်။ ဒီလိုအ ခြေအနေမှာ လူတွေစိတ်ဝင်စားမှု အချိန်နဲ့ကိုက်ပြီး ခေါင်းစဉ်တု ခေါင်းစဉ်မှားတွေပေးကာ အကြောင်းအရာကို ဖြန့်ချိနေခြင်းဖြစ်ပါတယ်။

Title:Fact Check: သီတင်းကျွတ်လပြည့် ရွှေတိဂုံဘုရားဗုံးပေါက်ကွဲဆိုတဲ့သတင်းမှား
Fact Check By: Nayar MaungResult: Misleading