
တနိုင်ငံလုံး စစ်မှုမထမ်းမနေရအမိန့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထုတ်ပြန်ကြေညာ လိုက်တယ်ဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု ယူကျူ့မှာ ဖြန့်ဝေလျက်ရှိပြီး ပျံ့နှံ့အားကောင်းနေပါတယ်။ သတင်းမှား သာဖြစ်ပါတယ်။
အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ “(၂၁)ရက်နေ့ အရေးပေါ်သတင်း တနိုင်ငံလုံးစစ်မှုမထမ်းမနေရအမိန့် မင်းအောင်လှိုင်ထုတ်ပြန်ကြေညာ ”စသည် ဖြင့်ရေးသားထားတဲ့ပို့စ်ကို “Share Local Media” အမည်နဲ့ ယူကျု့ချန်နယ်မှာ ဇွန် ၂၁ ရက်က ဖြန့်ဝေထားရာမှာ ဒီဗွီဒီယိုကို ကြည့်ရှူ့မှုပေါင်း ၇၅၀၀၀ ရှိပါတယ်။
အလားတူစွာ ဆယ်တန်းအောင်တဲ့သူတွေကို စစ်မှုထမ်းဖို့ အမိန့်ထုတ်တယ်ဆိုပြီးတော့လည်း ဒီချန်နယ်က ရေးသားမျှဝေခဲ့ပါသေးတယ်။ ဒီနေရာမှာကြည့်ပါ။

မူရင်းလင်ခ့် – Youtube link | Archive link
အချက်အလက်စိစစ်ချက်
သတင်းခေါင်းစဉ်မှာ တပ်ထားသလို တနိုင်ငံလုံး စစ်မှုမထမ်းမနေရအမိန့် မင်းအောင်လှိုင်ကြေညာဆိုတဲ့ အကြောင်းကို သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ သတင်းဌာနတွေက ဖော်ပြချက် မတွေ့ရှိရပါဘူး။ ဗွီဒီယိုထဲမှာ လည်း ဒီအကြောင်းအရာမပါဝင်ပါဘူး။
ဗွီဒီယိုထဲမှာပါဝင်တဲ့ သတင်းအကြောင်းအရာတွေက ရန်ကုန်ခေတ်သစ်သတင်းဌာနက ဖော်ပြထားတဲ့ လေတပ် ဗိုလ်မှူးဟောင်း ရဲခိုင် အသတ်ခံရပြီးနောက် အေးရှားဝေါလ် စစ်မှု ထမ်းဟောင်း ဝန်ထမ်းများ အားလုံး လက်နက် တပ်ဆင်ကိုင်ဆောင်ကြမည်၊ ဧရာဝတီတိုင်းမ်သတင်းဌာနကဖော်ပြထားတဲ့ မင်းတပ်မြို့ပေါ်ရှိ နေရာအများစုကို ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)က စိုးမိုးထားပြီး မကြာမီ တိုက်စစ်ဆင်နွှဲမည် စတဲ့သတင်းတွေကို ပြန်လည် ဖတ်ကြားနေတာဖြစ်ပါတယ်။

သုံးသပ်ချက်
ဒီဗွီဒီယိုပါ အကြောင်းအရာတွေဟာ သတင်းမီဒီယာတွေကဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူပြီး ခေါင်းစဉ်တု ခေါင်းစဉ်မှားတပ်ထားခြင်းဖြစ်တယ်။ စစ်မှုမထမ်းမနေရ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထုတ်ပြန်ကြေညာခဲ့တယ်ဆိုတာ မဟုတ်ပါဘူး။
ပြောဆိုချက်- တနိုင်ငံလုံး စစ်မှုမထမ်းမနေရအမိန့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထုတ်ပြန်ကြေညာ

Title:Fact Check: တနိုင်ငံလုံး စစ်မှုမထမ်းမနေရအမိန့်မင်းအောင်လှိုင် ထုတ်ပြန်ကြေညာတဲ့ သတင်းတု
Written By: Zun ZeeResult: False