ကြာသပတေးနေ့က နေပြည်တော်အနီး လေယာဉ်ပျက်ကျရာမှာ ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းပါသွားတယ်ဆိုတဲ့ သတင်းတုပို့စ်တစ်ခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။

ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုပို့စ်ကို အောက်ပါစခရင်ရှော့မှာတွေ့နိုင်ပါတယ်။ “15 June 2023, နေပြည်တော်လေယဥ်ပျက်ကျမှု တပ်ချုပ် စိုးဝင်းပါ။”လို့ “News In Burmese”အမည်နဲ့ ယူကျူ့အကောင့်က ရေးသားမျှဝေထားရာမှာ ၂၄ နာရီအတွင်း ကြည့်ရှု့မှုပေါင်း ၂ သောင်း ၆ ထောင်ကျော်ရှိပါတယ်။

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

၂ မိနစ်ကျော်ရှည်လျားတဲ့ ဒီ“News In Burmese”ယူကျူ့ဗွီဒီယိုထဲမှာပါတဲ့ လူထုနွေဦးသတင်းဝက်ဘ်ဆိုဒ်က ဖော်ပြခဲ့တဲ့ “စစ်ကောင်စီ ရဟတ်ယာဉ် နေပြည်တော် လယ်ဝေးမှာ ပျက်ကျပြီး ၂ ဦးသေဆုံး”ဆိုတဲ့ သတင်းကို ပြန်လည်ဖော်ပြနေခြင်းဖြစ်တယ်။

ရဟတ်ယာဉ်မှူးနဲ့ သင်တန်းသား တို့လိုက်ပါလာတဲ့ လေ့ကျင့်ရေးရဟတ်ယာဉ်ဟာ နေပြည်တော်ကနေ မိထ္ထီလာကို လေ့ကျင့်ပျံသန်းနေချိန် နေပြည်တော် လယ်ဝေးမြို့နယ်ထဲက လယ်ဒါကြီးရွာရဲ့ အနောက်တောင် ဘက် ၅ မိုင်ခန့်အကွာမှာ စက်ချို့ယွင်းပြီး ပျက်ကျတာလို့ စစ်ကောင်စီက ထုတ်ပြန်ကြောင်း လည်း ဒီသတင်းမှာဖော်ပြပါတယ်။

မူရင်းလင်ခ့် –People Spring | Archive link

ထို့အပြင် နေပြည်တော် လယ်ဝေး လယ်ဒါကြီးကျေးရွာအနီး စစ်တပ် အမောင်း သင် H120 ရဟတ်ယာဉ် ပျက်ကျမှုမှာ နည်းပြဖြစ်သူ ဗိုလ်မှူး မင်းသူအောင်နဲ့ သင်တန်းသူ အမျိုးသမီးအရာရှိတို့ သေဆုံးခဲ့တယ်လို့ ရန်ကုန်ခေတ်သစ်သတင်းဌာနက ရေးသားပါတယ်။

မူရင်းလင်ခ့် – Yktnews | Archive link

သုံးသပ်ချက်

ကြာသပတေးနေ့က နေပြည်တော်လေယာဉ်ပျက်ကျမှုမှာ ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းပါသွားတယ်ဆိုတာ သတင်းတုသာဖြစ်တယ်။ ရဟတ်ယာဉ် ပျက်ကျမှုမှာ သေဆုံးသူတွေဟာ နည်းပြအရာရှိ ဗိုလ်မှူးတစ်ဦးနဲ့ သင်တန်းသူအရာရှိတစ်ဦးဖြစ်တယ်။

ပြောဆိုချက်- နေပြည်တော်လေယာဉ်ပျက်ကျမှုမှာ တပ်ချုပ်စိုးဝင်းသေဆုံး

Avatar

Title:Fact Check: နေပြည်တော်လေယာဉ်ပျက်ကျမှုမှာ ဒု-တပ်ချုပ်စိုးဝင်းသေဆုံးမှုသတင်းတု

Written By: နေရာမောင်

Result: False