
အာဏာရှင်ဟောင်း ဦးသန်းရွှေကို စစ်တပ်က ဖမ်းဆီးပြီး သေဒဏ်ပေးလိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်းနေတယ်။ တကယ်တော့ သတင်းတုဖြန့်ချိ နေခြင်းဖြစ်တယ်။
အောက်ပါစခရင်ရှော့ဓာတ်ပုံနဲ့ စာသားကတော့ “Khit Thit Channel”အမည်နဲ့ ယူကျူ့ချန်နယ်က ဖြန့်ဝေထားတဲ့ ပျံ့နှံ့မှု အားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုက ရယူထားခြင်းဖြစ်တယ်။
“အာဏာရှင်ဟောင်း ဦးသန်းရွှေကို စစ်တပ်က
ဖမ်းဆီးပြီး
သေဒဏ်ပေးလိုက်ပြီ တစ်နိုင်ငံလုံး ပွဲဆူကုန်ပြီ”
မူရင်းလင်ခ့် – Youtube link | Archive link
အချက်အလက်စိစစ်ချက်
သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီလိုသတင်းဖော်ပြချက်မရှိပါ။ “Khit Thit Channel” အမည်နဲ့ ယူကျူ့ ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြပြီးဖြစ်တဲ့ ရေပန်းစားခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူ ဖော်ပြပြီး သတင်းခေါင်းစဉ်တု၊ ဒါမှမဟုတ် နားလည်မှု လွဲစေနိုင်တဲ့ ခေါင်းစဉ်မှားတွေတပ်ပြီး ဖြန့်ချိတယ်။
အခုလည်း အာဏာရှင်ဟောင်း ဦးသန်းရွှေကို စစ်တပ်က ဖမ်းဆီးပြီး သေဒဏ်ပေးလိုက်ပြီလို့ဆိုထားတဲ့ ဗွီဒီယိုထဲမှာ သတင်းမီဒီယာတခုကဖော်ပြခဲ့တဲ့ “အာဏာရှင်ဟောင်း သန်းရွှေ၏ သားမက်၊ နေရွှေသွေးအောင်၏ ဖခင်ဖြစ်သူ ဒေါက်တာနေစိုးမောင်ကို အကြမ်းဖက် စစ်ကောင်စီက ဖမ်းဆီးအမှုဖွင့်ဟုဆို”ဆိုတဲ့ သတင်းနဲ့ တခြားသော သတင်းတွေကို ပြန်လည်ဖော်ပြထားတယ်။
သုံးသပ်ချက်
“Khit Thit Channel” အမည်နဲ့ ယူကျူ့ ချန်နယ်ဟာ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေ ဖြန့်ချိလေ့ရှိတဲ့နေရာ တခုသာဖြစ်တယ်။ စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေရဲ့ သားမက် ဒေါက်တာနေစိုးမောင်ကို စစ်တပ်က ဖမ်းဆီးအမှုဖွင့်တဲ့ သတင်းကို လိုအပ်သလို ခေါင်းစဉ်တုတပ်ထားခြင်းဖြစ်တယ်။