
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)ပို့ဖို့အတွက် အင်ဒိုနီးရှားက အာမခံတယ်ဆိုတဲ့ သတင်းမှားပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ဖြန့်ဝေနေတာတွေ့ရပါတယ်။
ဖြန့်ဝေနေတဲ့ ဗွီဒီယိုပုံစံပို့စ်တွေမှာ “မအလ ICC ပို့ဖို့ အင်ဒိုနီးရှား အာမခံပြီ”လို့ ရေးသားထားသလို “ မအလ ICC ပို့ဖို့ အင်ဒိုနီးရှားအာမခံပြီ မင်းအောင်လှိုင် ပြေးဖို့ပြင်ထား” စသည်ဖြင့် ရေးသားထားပါတယ်။
“Krovan Kamsan” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ဗွီဒီယိုတစ်ခုကို ဇန်နဝါရီ ၁၈ က အောက်ပါအတိုင်း မျှဝေထား တာတွေ့ရပါတယ်။

မူရင်းလင်ခ့် – FB Link ၊ Archive Link
တူညီတဲ့ရေးသားမျှဝေမှုကို ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာလည်းတွေ့ရပါတယ်။
အချက်အလက်စိစစ်ချက်
ဗွီဒီယိုပါအကြောင်းအရာဟာ လွတ်လပ်တဲ့မြန်မာအသံသတင်းဌာနကဖော်ပြခဲ့တဲ့ မြန်မာအရေးနဲ့ပတ်သက်ရင် “အင်ဒိုနီးရှားလက်ထက်မှာ မြန်မာ့အရေး နိုင်ငံတကာဖိအားပိုရအောင် ကြိုးစားသင့်”ဆိုတဲ့ သတင်းဆောင်းပါကို ပြန်လည်ကူးယူဖတ်ကြားနေခြင်းဖြစ်ပါတယ်။ မြန်မာ့နိုင်ငံအကြပ်အတည်းအတွက် အာဆီယံ အထူးကိုယ်စား လှယ်ရုံး ဖွင့်လှစ်ပြီး သက်ဆိုင်သူအားလုံးနဲ့ စေ့စပ်ဆွေးနွေးနိုင်ဖို့ ကြိုးစားမယ်လို့ အာဆီယံ အထူးကိုယ်စားလှယ်သစ် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီရဲ့ ဇန်နဝါရီလ ၁၀ ရက်နေ့က ပြောဆိုချက်ကို လက်တွေ့ထိရောက်ဖို့ ခက်ခဲလိမ့်မယ်လို့ နိုင်ငံရေး၊ စစ်ရေး အကဲခတ်တွေရဲ့ပြောကြားချက်ကို ကိုးကားဖော်ပြထားတာဖြစ်ပါတယ်။ ဒီသတင်းဆောင်းပါးဖော်ပြချက်ကို အောက်ပါလင့်ခ်မှာ ကြည့်ပါ။

မူရင်းလင်ခ့် – RFA ၊ Archive Link
ယခုဗွီဒီယိုပါအသံဖိုင်ဟာ လွတ်လပ်တဲ့မြန်မာအသံသတင်းဌာနရဲ့ ယူကျူ့ချန်နယ်က ဗွီဒီယိုပါအသံဖိုင်ကို ရယူပြီး ဓာတ်ပုံနေရာမှာ လိုအပ်သလို ဖြတ်တောက်ထားခြင်းဖြစ်တာလည်းတွေ့ရပါတယ်။ မူလဗွီဒီယိုကို အောက်မှာ ကြည့်ပါ။
သုံးသပ်ချက်
ဗွီဒီယိုထဲမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)ပို့ဖို့အတွက် အင်ဒိုနီးရှားက အာမခံတယ်ဆိုတဲ့ဖော်ပြချက်မပါသလို အခြားသော သတင်းလုပ်ငန်းအဓိကလုပ်ကိုင်တဲ့ သတင်းဌာနတွေ မှာလည်း ဒီဖော်ပြချက်မတွေ့ရပါဘူး။ ပျံ့နှံ့ခဲ့ပြီးဖြစ်တဲ့ လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တဲ့ အတွေးအမြင်နဲ့ သတင်းဆောင်းပါးတွေကို ပြန်လည်ကူးယူပြီး ခေါင်းစဉ်တုနဲ့ဖော်ပြနေခြင်းဖြစ်ပါတယ်။

Title:Fact Check: ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ICC ပို့ဖို့ အင်ဒိုနီးရှားအာမခံဆိုတဲ့ သတင်းမှား
Fact Check By: Zun ZeeResult: False