Fact Check: ဒီပဲယင်း လက်ယက်ကုန်း လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူတွေမှာ ကလေးတွေမပါလို့ သတင်းမှားဖြင့် ဝါဒဖြန့်

False နိုင်ငံရေး | Politics

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းရွာစာသင်ကျောင်းမှာ KIA နဲ့ PDF ရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စီနင်းတိုက်ခိုက်မှုမှာ ကျောင်းတက်နေတဲ့ ကလေးငယ် ၇ ဦးထက်မနည်းသေဆုံးခဲ့ရပြီး ဒီဖြစ်စဉ်ဟာ ပြည်တွင်းမှာ အာဏာသိမ်းစစ်တပ်အပေါ် မကျေနပ်မှုပိုမိုကြီးထွားစေခဲ့ပါတယ်။ ဒီဖြစ်စဉ်အပြီးမှာ ထုံးစံ အတိုင်းပဲ စစ်တပ်က သူတို့လုပ်ရပ်ဟာ ဘယ်တော့မှ မမှားဘူးဆိုပြီး ဝါဒဖြန့်ချိလွှမ်းမိုးဖို့ကြိုးစားခဲ့ပြီး အခြားသူကို လက်ညှိုးထိုးပြီး တန်ပြန် သတင်းထုတ်လွှင့်မှုတွေဆောင်ရွက်ခဲ့ရာမှာ ဒီဖြစ်ကြောင့် သေဆုံးရသူတွေဟာ လူကြီးတွေသာဖြစ်ပြီး ကလေးတွေ မပါဘူးဆိုတဲ့ ပို့စ်တစ်ခုလည်းပါဝင်ပါတယ်။

“မေပျိုဖြူ”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးက စက်တင်ဘာ ၂၀ ရက်က မျှဝေထားတဲ့ ဖေ့စ်ဘွတ်မှာပျံ့နှံ့ခဲ့တဲ့ စာသား ကောက်နှုတ်ချက်ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

“ဘယ်သူသေသေ ငတေမာဖို့သာ လုပ်နေတဲ့ PDF

ဒီပဲယင်း လက်ယက်ကုန်းရွာ စာသင်ကျောင်းမှာ ပုန်းခိုနေတဲ့ PDF အကြမ်းဖက်တွေကို တပ်က MI 35 နဲ့ ပစ်တော့ မှ ဗုံးကြဲတော့မှ အရပ်သားတွေပါလို့ အသံထွက် အတော် စိတ်ပျက်စရာကောင်းလှတဲ့ PDF. သူတို့ ဘဝ တွေ လွတ်ကင်းဖို့ ဘေးမဖြစ်ဖို့ ဘယ်နေရာကို အသုံးချရမလဲလို့ အမြဲကြိုးပမ်းနေတဲ့ ဘယ်သူသေတာစိတ်မဝင်စား ငတေ (သူတို့ PDF) တွေမာဖို့သာ သိတဲ့ ပြည်ဖျက်လေးတွေပါ။ တကယ်သေးတာ ကလေးတစ်ယောက်မှ မပါပါဘူး … သေတဲ့သူတွေက

(၁) ဦးကျော်ထွန်း အသက် ၄၉ နှစ်

(၂) ကိုအောင်စောထွေး အသက် ၃၄ နှစ်

(၃) ဦးတင်စိုးခိုင် ၃၁ နှစ်

(၄) မယု ၃၇ နှစ်

(၅) အောင်အောင်အောင်ဦး ၁၆နှစ်

(၆) မောင်အောင်ချစ်မိုး ၂၂ နှစ် တို့က လက်ယက်ကုန်းရွာဖြစ်ပြီး

(၇) မောင်အောင်စောမင်း(ခ) မောင်ဘောကြီး ၂၃ နှစ် အင်ပင်ရွာက ဖြစ်တယ်လို့ သိရပါတယ်။

#DGF21NewsGHAIaoap”

ထို့အပြင် လက်နက်ကြီးထိမှန်ထားလို့ ကွန်ကရစ်တွေပဲထွက်နေတဲ့ စာသင်ကျောင်းတိုင်ဓာတ်ပုံပေါ်မှာလည်း အောက်ပါအတိုင်းရေးသားထားပါတယ်။ “PDF များ ရွာထဲနေမှာ နေလို့မရတော့ ဘုန်းကြီးကျောင်း နဲ့ စာသင်ကျောင်းတွေမှာ ပုန်းခိုကြ၊ တပ်က လေယာဉ်ပျံနဲ့ ဗုံးကြဲတော့မှ ၊ အေးချမ်းစွာ စာသင်နေတဲ့ ကလေးတွေ သေတယ်လို့ အသံလွှင့် ၊ တကယ်ရွာကိုဖျက်နေတာက ဒင်းတို့ PDF”(ဓာတ်ပုံထဲက မူရင်းစာသားအတိုင်း)

မူရင်းလင်ခ့် – FB linkArchive link  

တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာဒီနေရာဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။ 

အချက်အလက်စိစစ်ချက်

စက်တင်ဘာလ ၁၆ ရက်က စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ထဲက လက်ယက်ကုန်းကျေးရွာ စာသင်ကျောင်းမှာ KIA နဲ့ PDF ရှိတယ်ဆိုပြီး သတင်းပေးချက်တွေအရဆိုပြီး စစ်တပ်က လေကြောင်းကနေ ပစ်ခတ်မှုတွေလုပ်ခဲ့တာ ကြောင့် စာသင်ကြားနေကြတဲ့ ကလေးငယ် ၇ ဦးထက်မနည်းသေဆုံးခဲ့ရပါတယ်။ သို့သော်လည်း စစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကဖြစ်စဉ်ဖြစ်အပြီး ၄ ရက်အကြာ စက်တင်ဘာ ၂၀ သတင်းစာရှင်း လင်းပွဲမှာ ကလေး ၂ ဦးသာဒဏ်ရာပြင်းထန်ခဲ့တယ်လို့ပြောပေမဲ့ မြေပြင်အခြေအနေသတင်းတွေနဲ့ကွဲလွဲပြီး ဗြောင်လိမ်နေတာလို့ ဧရာဝတီသတင်းဌာနက ရေးသားပါတယ်။

ပစ်ခတ်မှု ဖြစ်ခဲ့တဲ့ ၁၆ ရက်နေ့ ညနေပိုင်းမှာပဲ ဒီပဲယင်းက သေဆုံးကလေးတွေရဲ့ ရုပ်အလောင်းတွေကို စစ်ကောင် စီတပ်က ၇ မိုင်ဝေးတဲ့ ရေဦးကို ကားနဲ့ တင်ဆောင်ပြီးနောက်မှာ ညတွင်းချင်း ဆိုသလို သုသာန်မှာ မီးသင်္ဂြိုဟ်ဖို့ ကြိုးစားခဲ့တယ်လို့ မျက်မြင်သက်သေတွေကပြောတယ်လို့ ဧရာဝတီသတင်းက ရေးသားပါတယ်။

 ဒီလိုပဲ ဘီဘီစီမြန်မာပိုင်းက “လက်ယက်ကုန်း ဖြစ်စဉ် အသက်ရှင်ကျန်သူတွေရဲ့ ပြောပြချက်”ဆိုပြီး ဒီဖြစ်စဉ်မှာ ကိုယ်တိုင်တွေ့ကြုံခဲ့ရပြီး အသက်ဘေးက လွတ်မြောက်ခဲ့ရတဲ့ ကလေးငယ်အပါအဝင် ကိုယ်တွေ့ကြုံခဲ့ရသူတွေနဲ့ အင်တာဗျူးကိုဖော်ပြခဲ့ပါသေးတယ်။ ဒီဗွီဒီယိုထဲမှာ လက်နက်ကြီးကြောင့် သူ့သူငယ်ချင်း မောင်ဘုန်းတေဇ လက်နက်ကြီးနဲ့ ထိမှန်ပြီးလဲကျသွားတဲ့ပုံကို ပြန်လည်ပြောပြနေတာတွေ့ရပါတယ်။

ထို့အပြင် အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဝန်ကြီးဌာနက စက်တင်ဘာလ (၁၆) ရက်က ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာက ဘုန်းကြီးကျောင်းနဲ့ တွဲလျက်ရှိတဲ့စာသင်ကျောင်းကို စစ်အုပ်စုက ဝေဟင်မှ MI 35 ရဟတ်ယာဉ်နဲ့ ခြေလျင်တပ်ရင်း ၃၆၈ က မြေပြင်ကနေ တစ်နာရီခန့် လက်နက်ကြီး၊ လက်နက် ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကလေး သူငယ် ၇ ဦးသေဆုံးခဲ့ရပြီး စုစုပေါင်း ၁၃ ဦးသေဆုံးခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။ 

NUG က ထုတ်တဲ့ စာရင်းအရ ရဟတ်ယာဉ်နဲ့မြေပြင်က တိုက်ခိုက်ခံရမှုမှာ မောင်အောင်အောင်ဦး (၁၆ နှစ်)၊ ဖိုးသား (ခ) ဇင်ကိုဦး (၁၄ နှစ်)၊ မောင်စောမင်းဦး (၁၃ နှစ်)၊ မဝင်းဝင်းခိုင် (၁၁ နှစ်)၊ မဇင်နွယ်ဖြိုး (၉ နှစ်)၊ မစုရတီလှိုင် (၇ နှစ်)၊ မောင်ဘုန်းတေဇ ( ၆ နှစ်)၊ ဦးကျော်ထွန်း (၄၉ နှစ်)၊ မယု (၃၇ နှစ်)၊ ကိုအောင်စောထွေး (၃၄ နှစ်)၊ ကိုတင်စိုးခိုင် (၃၁ နှစ်)၊ ကိုအောင်ချစ်မိုး (၂၂ နှစ်) နဲ့ အမည်မသိ အတည်မပြုနိုင်သေးသူ ၁ ဦးပါဝင်တယ် လို့သိရပါတယ်။

https://www.facebook.com/mohrmyanmar/posts/pfbid02WQSqib3ByYhhZhQ8uc9BZQi31vMTRoXnjRFbttkmRz7UDoEcLPiwmSk2AkgH2Zgwl

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ လက်ယက်ကုန်းရွာကို စစ်တပ်က ဝင်ရောက်စီးနင်းတဲ့ဖြစ်စဉ်မှာ ကလေး သူငယ်အများစုသေဆုံးခဲ့ရတာကို ချန်လှပ်ပြီး ဝါဒဖြန့်ချိရေးသားနေခြင်းဖြစ်ပါတယ်။ ကလေးသူငယ် ၇ ဦးအပါဝင် စုစုပေါင်း သေဆုံးသူ ၁၃ ဦးရှိတယ်လို့ NUG က ထုတ်ပြန်တဲ့စာရင်းမှာဖော်ပြပါတယ်။

Avatar

Title:Fact Check: ဒီပဲယင်း လက်ယက်ကုန်း လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူတွေမှာ ကလေးတွေမပါလို့ သတင်းမှားဖြင့် ဝါဒဖြန့်

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *