Fact Check:  တရုတ်နဲ့ စစ်ကောင်စီ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ဖို့ သဘောတူတဲ့ သတင်းတု

နိုင်ငံရေး | Politics

ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်‌ပေးဖို့ မြန်မာစစ်တပ်နဲ့ တရုတ်တို့ သဘောတူညီချက်ရရှိခဲ့တယ်လို့ဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့အကြားပျံ့နှံ့မှု့အားကောင်းခဲ့ပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတုဖြန့် ချိနေခြင်းဖြစ်တယ်။

အောက်ပါ screenshot ကတော့ မတ် ၁၁ ရက်က ဖြန့်ဝေထားတဲ့ ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ဗွီဒီယိုဖြစ်ပါတယ်။ 

မူရင်းလင်ခ့် – Youbute linkArchive link

အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်

သတင်းမီဒီယာလုပ်ငန်းအဓိကလုပ်ကိုင်တဲ့ သတင်းဌာနတွေမှာဖော်ပြချက်မတွေ့ရပါဘူး။ ထို့အတူပဲ ဗွီဒီယိုကို ဖြန့်ဝေရာမှာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းက မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ်သစ်နဲ့ မြန်မာ စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဓာတ်ပုံကိုအသုံးပြုထားပြီး ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ သဘောတူလိုက်တယ်လို့ ရေးသားထားပေမဲ့ ဒီအကြောင်းအရာနဲ့ ပတ်သတ်ပြီး တစ်စုံတရာ မပါဝင်ပါဘူး။

အဲဒီအချိန်က စစ်တပ်ဘက်က သတင်းထုတ်ပြန်ချက်အရ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တရုတ်အထူး ကိုယ်စားလှယ်တို့ကြား ဆွေးနွေးမှုတွေထဲမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး တွေ့ဆုံ ဆွေးနွေးနေတာတွေ၊ တရုတ်နိုင်ငံက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ကူညီဆောင်ရွက်ပေးဖို့တွေ ပါဝင်ပါတယ်။  မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ်အဖြစ် နှစ်ရှည်ကြာစွာလုပ်လာခဲ့တဲ့ မစ္စတာ ဆွန်းကော်ရှန်း (Sun Guoxiang)ဟာ စစ်အာဏာသိမ်းအပြီးမှာ စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံရာမှာ ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့ဆုံခွင့်တောင်းခဲ့ပေမဲ့ သူ့နေရာကို ဆက်ခံယူလိုက်သူ လက်ရှိကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းခဲ့ခြင်းမရှိပါဘူး။

တကယ်တမ်း ဗွီဒီယိုပါအကြောင်းအရာတွေဟာ “အကျဉ်းသားတွေ မိသားစုနဲ့တွေ့ခွင့်ရရေး စစ်ကောင်စီနဲ့ ICRC ဆွေးနွေး”၊ “စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲကို တရုတ် စိတ်ဝင်စားနေ”၊ “ဒီးမော့ဆိုတွင် စစ်ကြောင်းထိုး လာသော စစ်တပ်ကို ခုခံတိုက်ခိုက်မှု စစ်ကောင် စီဘက်မှ ၁၆ ဦးသေဆုံး ၊ ပြည်သူ ၁၅၀၀၀ ကျော် စစ်ဘေးကြောင့် ထွက်ပြေးနေရ”စတဲ့အကြောင်းအရာတွေပဲဖြစ်ပါတယ်။

သုံးသပ်ချက်

လွတ်လပ်တဲ့အာရှအသံနဲ့ ရန်ကုန်ခေတ်သစ်မီဒီယာတွေမှာ ဖော်ပြခဲ့တဲ့ သတင်းအချို့ကို ကူးယူပြီး ဗွီဒီယုံပုံစံနဲ့ ပြောင်းလဲဖြန့်ဝေရာမှာ ခေါင်းစဉ်တုအသုံးပြုပြီး ဖြန့်ချိနေခြင်းဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်‌ပေးဖို့ မြန်မာစစ်တပ်နဲ့ တရုတ်တို့ သဘောတူညီချက်ရရှိခဲ့တယ်လို့ဆိုတာ မဟုတ်ပါဘူး။

ပြောဆိုချက်- တရုတ်နဲ့ စစ်ကောင်စီ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ဖို့ သဘောတူ

Avatar

Title:Fact Check:  တရုတ်နဲ့ စစ်ကောင်စီ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ဖို့ သဘောတူတဲ့ သတင်းတု

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *