Fact Check: ပြည်သူ့ပါတီဥက္ကဌ ဦးကိုကိုကြီး နေအိမ်မှာ လုပ်ကြံခံရမှုဆိုတဲ့ နားလည်မှု လွဲစေနိုင်တဲ့ သတင်းမှား

Misleading နိုင်ငံရေး | Politics

ပြည်သူ့ပါတီဥက္ကဌ ဦးကိုကိုကြီး နေအိမ်မှာ လုပ်ကြံခံရတယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ဒီဇင်ဘာ ၃၁ ရက်က ယူကျူ့မှာ ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိတယ်။ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။ တကယ်တော့ ဦးကိုကိုကြီးဦး‌ဆောင်တဲ့ ပါတီ စစ်ကောင်စီလက်အောက်ခံ ‌ရွေးကောက်ပွဲကော်မရှင်က မှတ်ပုံတင်ချပေးတဲ့ သတင်းကို ခေါင်းစဉ်လွဲတပ်ထားခြင်းဖြစ်တယ်။ 

အောက်ပါစခရင်ရှော့နဲ့ စာသားကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ ဗွီဒီယိုက ရယူထားခြင်းဖြစ်တယ်။ လက်ရှိအချိန်အထိ ဒီဗွီဒီယိုကို ကြည့်ရှူ့မှုပေါင်း တသိန်းကျော်ရှိတယ်။

“ပြည်သူ့ ဦးဆောင်ပါတီဥက္ကဌ  ဦးကိုကိုကြီး ညကအိမ်မှာ လုပ်ကြံခံရ (ရုပ်/သံ)  ရန်ကုန်ခေတ်သစ်ကြေညာပြီ”

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

၈ မိနစ်ကျော်ရှည်လျားတဲ့ ယူကျူ့ ဗွီဒီယိုထဲမှာပါတဲ့အကြောင်းအရာတွေဟာ တိုက်ပွဲသတင်းတွေနဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းတဦးဖြစ်တဲ့ ဦးကိုကိုကြီး ဦးဆောင်တဲ့ ပြည်သူ့ပါတီကို စစ်တပ်ခန့် ရွေးကောက်ပွဲကော်မရှင် က  ၉ လအကြာမှာ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုတယ်ဆိုတဲ့အကြောင်းအရာသာပါဝင်တယ်။ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်ဟောင်းတဦးဖြစ်တဲ့ ဦးကိုကိုကြီးဟာ အရင်စစ်အာဏာသိမ်းမှုနဲ့ ဒီမိုကရေစီ အရေးအတွက် တက်တက်ကြွကြွလှုပ်ရှားခဲ့ပေမဲ့ လက်ရှိစစ်အာဏာသိမ်းမှုကို သိသိသာသာဆန့်ကျင် တာမျိုး မတွေ့ရဘဲ နိုင်ငံရေးပါတီတွေ ပြန်လည်မှတ်ပုံတင်ခိုင်းခဲ့တဲ့ စစ်တပ်ရဲ့လုပ်ရပ်ကို ပြောင်ပြောင် တင်းတင်း ထောက်ခံပြီး မှတ်ပုံတင်ခဲ့တယ်။

တကယ်တမ်း ဗွီဒီယိုပါအကြောင်းအရာတွေဟာ ဧရာဝတီတိုင်းမ်သတင်းဌာနကဖော်ပြခဲ့တဲ့ “၉ လအကြာတွင် ဦးကိုကိုကြီး ဦးဆောင်သည့် ပြည်သူ့ပါတီကို စစ်ကောင်စီလက်အောက်ခံ ရွေးကော်က မှတ်ပုံတင်ခွင့်ပြု” ဆိုတဲ့သတင်း၊ “လေယာဥ်ဆီများ ခိုးယူရောင်းချခဲ့သည့် နေပြည်တော် Su-30 တိုက်လေယာဉ်အုပ်မှူး ဗိုလ်မှူးကြီး ခန့်နေသွေး စစ်ကောင်စီ လေ တပ်တွင် ထိပ်တန်းချမ်းသာသူဖြစ်လာ”၊ လူထုနွေဦးသတင်းဌာနက‌ ဖော်ပြခဲ့တဲ့ “လောက်ကိုင်မြို့ ကို သိမ်းရန် ဒကစအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ အနည်းငယ်သာကျန်နိုင်ဟု MNDAAတာဝန်ရှိသူပြော” စတဲ့သတင်းနဲ့ စစ်ကောင်စီက မဲခေါင်းသတင်းဌာနကို လုပ်ငန်းလိုင်စင်ပိတ်သိမ်းမှု တို့ပါဝင်တယ်။

ဦးကိုကိုကြီး လုပ်ကြံခံတယ်ဆိုတဲ့အကြောင်း အခြားသော သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာလည်း မတွေ့ရပါဘူး။ အခု သတင်းခေါင်းစဉ်လွဲတပ် ဗွီဒီယိုမှာပြောသလို ဦးကိုကိုကြီးလုပ်ကြံခံရတဲ့အကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနက ဖော်ပြခဲ့ခြင်းလည်းမရှိပါ။

သုံးသပ်ချက်

ဦးကိုကိုကြီး ဦးဆောင်တဲ့ ပြည်သူ့ပါတီကို စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က မှတ်ပုံ တင်ခွင့်ပြုတဲ့ သတင်းကို ခေါင်းစဉ်လွဲတပ်ထားခြင်းဖြစ်တယ်။ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး လုပ်ကြံခံရတယ်ဆိုတာ မဟုတ်ပါဘူး။ 

ပြောဆိုချက်- ပြည်သူ့ပါတီဥက္ကဌ ဦးကိုကိုကြီး နေအိမ်မှာ လုပ်ကြံခံရ

Avatar

Title:Fact Check: ပြည်သူ့ပါတီဥက္ကဌ ဦးကိုကိုကြီး နေအိမ်မှာ လုပ်ကြံခံရမှုဆိုတဲ့ နားလည်မှု လွဲစေနိုင်တဲ့ သတင်းမှား

Written By: Zun Zee 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *