ရန်ကုန်မြို့ ဗိုလ်ချုပ်လမ်းပေါ်မှာ Hirosima စတိုးမှာ SMW T500 Series နာရီဝယ်ဖို့ တန်းစီစောင့်ဆိုင်းနေကြတဲ့ လူတန်းရှည်ကြီးကြောင့် ယာဉ်ကြောပိတ်ဆို့မှုဖြစ်ပေါ်ခဲ့ရတယ်လို့ဆိုထားတဲ့ ဓာတ်ပုံနဲ့အတူ နာရီ ကြော်ငြာ တစ်ခုကို Fact Crescendo Myanmar က သတိပြုမိပါတယ်။ အချက်အလက်အတုအယောင်တွေ အသုံးပြုပြီး ကြော်ငြာထားတဲ့ ပို့စ်တစ်ခုဖြစ်တာတွေ့ရပါတယ်။

အောက်ပါစာသားကတော့ ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ပို့စ်ပါ ဖော်ပြချက်တစ်ချို့ဖြစ်ပြီး လူတွေတန်းစီနေတဲ့မြင်ကွင်း၊ စမတ်လက်ပတ်နာရီပုံတွေပါဝင် ဓာတ်ပုံ ၄ ပုံလည်းပါဝင်ပါတယ်။

“ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းတွင် ယာဉ်ကြောပိတ်ဆို့မှု ပြင်းထန်။ 😵အဓိက အကြောင်းရင်းမှာ T500 SmartWatch ကို လျှော့စျေးဖြင့် ဝယ်ယူရန် ထောင်ပေါင်းများစွာသော လူများသည် HIROSIMA စတိုးသို့ ရောက်ရှိလာခြင်းကြောင့် ဖြစ်သည်။

မနေ့ကဗိုလ်ချုပ်အောင်ဆန်းလမ်းမှဖြတ်သန်းသွားသူမည်သူမဆိုသည်Hirosima🥵စတိုးဆိုင်ရှေ့တွင်ထောင်ပေါင်းများစွာသောလူထောင်ပေါင်းများစွာကိုမြင်တွေ့ရလိမ့်မည်မှာသေချာသည်။ HIROSIMA သည် ဂျပန်နိုင်ငံတွင် အလွန်ကျော်ကြားသော စမတ်နာရီအမှတ်တံဆိပ်တစ်ခုဖြစ်သည်။ ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် ၎င်း၏ပထမဆုံးစတိုးဆိုင်ကို ယမန်နေ့က ဖွင့်လှစ်ခဲ့ပြီး အထူးစျေးနှုန်း 89,900MMK/2 smw ဖြင့် SMW T500 Series 2023 ဗားရှင်းကို မိတ်ဆက်ခဲ့သည်။”

ထို့အပြင် ဒီပို့စ်မှာ နာရီဝယ်ဖို့ အမှာစတင်နိုင်တယ်ဆိုတဲ့ ဘလော့ပို့စ်တစ်ခုကို ဦးတည်သွားတဲ့ လင့်ခ်တစ်ခုကိုမျှဝေထားပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link

အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်

Google မှာ ဓာတ်ပုံကို ပုံပြန်လည်ရှာဖွေနည်းအသုံးပြုပြီး အကြောင်းအရာကို ရှာဖွေကြည့်ရာမှာ ဒီဓာတ်ပုံဟာ ၂၀၁၇ ခုနှစ်က စင်္ကာပူနိုင်ငံက Apple အမှတ်တံဆိပ်စတိုးတစ်ခုမှာ iPhone X စမတ်ဖုန်း အသစ်ထွက်ရှိလာစဉ် စတိုး တည်ရှိရာ Orchard လမ်းမှာ လာရောက်စောင့်ဆိုင်းဝယ်ယူနေကြတဲ့ မြင်ကွင်းဖြစ်တာတွေ့ရပါတယ်။ စင်္ကာပူအခြေစိုက် The Straits Times သတင်းဌာနက သတင်းဖော်ပြချက်မှာ ဓာတ်ပုံကို အောက်ပါအတိုင်း ရေးသားထားပါတယ်။

“ဖောက်သည်များသည် Orchard Road ရှိ Apple စတိုးအပြင်ဘက်တွင် iPhone X အသစ်ဝယ်ယူရန် တန်းစီစောင့်ဆိုင်းနေကြသည်။ ST ဓာတ်ပုံ- ALPHONSUS CHERN”

မူရင်းလင်ခ့် – Straitstimes | Archive link

ထို့အပြင်အခြားသော ဓာတ်ပုံတွေဟာလည်း အွန်လိုင်းဈေးရောင်းဈေးဝယ်ဝက်ဘ်ဆိုဒ်နဲ့ ဖေ့စ်ဘွတ်မှာ အကြောင်းအရာအမျိုးမျိုးနဲ့ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းက ပျံ့နှံ့ခဲ့တဲ့ ဓာတ်ပုံဖြစ်တာတွေ့ရပါတယ်။

ဗိုလ်ချုပ်လမ်းပေါ်မှာ Hirosima အမည်နဲ့ စတိုးဆိုင်နာမည် Google Maps မှာမတွေ့ရပါဘူး။

သုံးသပ်ချက်

နာရီဟာကောင်းလွန်းလို့ လူတွေ ကြိတ်ကြိတ်တိုးဝယ်ယူနေရတယ်ဆိုတဲ့ ဓာတ်ပုံတွေဟာ အွန်လိုင်းမှာ အ‌‌ကြောင်းအရာအမျိုးမျိုးနဲ့ ပျံ့နှံ့ခဲ့တဲ့ ဓာတ်ပုံတွေဖြစ်ပါတယ်။ လူတွေ တန်းစီနေတဲ့ ဓာတ်ပုံဟာ စင်္ကာပူနိုင်ငံမှာ ၂၀၁၇ ခုနှစ်က Iphone X စတင်ရောင်းချစဉ်က စောင့်ဆိုင်းဝယ်သူနေကြသူတွေဖြစ်ပါတယ်။

ပြောဆိုချက်- ရန်ကုန် ဗိုလ်ချုပ်လမ်းပေါ်က Hirosima စတိုးဆိုင်မှာ T500 စမတ်နာရီဝယ်ဖို့စောင့်ဆိုင်းနေတဲ့ လူတန်းရှည်ကြီး

Avatar

Title:Fact Check: ရန်ကုန် Hirosima မှာ နာရီဝယ်ဖို့ စောင့်နေတဲ့လူတန်းရှည်ကြီးလား-မဟုတ်ပါ

Fact Check By: နေရာမောင်

Result: False