
တနာရီ မိုင် ၅၀၀ နဲ့တိုက်ခတ်တဲ့ မုန်းတိုင်းဝင်ရောက်ပြီး တနိုင်ငံလုံး မြို့တွေ အကုန်ရေမြုပ်ပြီး လူသန်းချီ သေဆုံးနိုင်တယ်ဆိုတဲ့ သတင်းတု ဗွီဒီယိုပို့စ်တစ်ခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတုဖြန့်ဝေနေခြင်း ဖြစ်တယ်။
အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။
“တနိုင်ငံလုံး သေဖို့ကြုံလာရပြီ
မုန်တိုင်ကြီး တစ်နာရီမိုင်-၅၀၀
(၂၄)နာရီအတွင်းဝင်တိုက်မယ်၊ အမြန်ပြေးကြပါ
မြို့တွေအကုန်ရေမြှုပ်ပြီး လူ သန်းချီသေမယ်”
မူရင်းလင်ခ့် – Youtube link | Archive link
အချက်အလက်စိစစ်ချက်
ဒီခန့်မှန်းချက်မျိုး မိုးလေဝသကျွမ်းကျင်သူတွေအပါအဝင် ယုံကြည်ရလောက်တဲ့ သတင်းအရင်းမြစ်တွေမှာ ဖော်ပြချက်မရှိပါဘူး။ တကယ်တမ်း ဗွီဒီယိုထဲမှာဖော်ပြခဲ့တဲ့အကြောင်းအရာဟာ သန်လွင်ခက် သတင်းဌာနက ဖော်ပြခဲ့တဲ့ “နိုင်ငံတဝှမ်း မိုးရွာသွန်းမှုတွေ ရှိနိုင်”ဆိုတဲ့ သတင်းကို ပြန်လည်ဖော်ပြထား ခြင်းဖြစ်တယ်။
နိုဝင်ဘာ ၉ ရက်မနက်ပိုင်းမှာ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားတဲ့ တိုင်ဖွန်းမုန်တိုင်းအရှိန်ကြောင့် တနိုင်ငံလုံး မိုးရွာသွန်းနိုင်တယ် ဆိုတဲ့ ထုတ်ပြန်ချက်ကို သံလွင်ခက်သတင်း ဌာနက ကိုးကားဖော်ပြခဲ့ခြင်းဖြစ်တယ်။ မိုး/ဇလရဲ့ မူလထုတ်ပြန်ချက်ကို အောက်မှာကြည့်ပါ။
သုံးသပ်ချက်
တောင်တရုတ်ပင်လယ်မှာဖြစ်ပေါ်နေတဲ့ တိုင်ဖွန်းမုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံတဝှမ် မိုးရွာသွန်းနိုင် တယ်ဆိုတဲ့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ခန့်မှန်းချက်ကို ခေါင်းစဉ်တုတပ် ရေးသားဖြန့်ဝေ နေခြင်းဖြစ်တာတွေ့ရပါတယ်။ မြန်မာနိုင်ငံကို မုန်တိုင်းဝင်ရောက်မယ်ဆိုတဲ့ အထောက်အထားမရှိပါဘူး။

Title:Fact Check: တနာရီမိုင် ၅၀၀ နှုန်းနဲ့ တိုက်ခတ်ပြီး လူသန်းချီသေဆုံးနိုင်တဲ့ မုန်းတိုင်း ဝင်ရောက်မယ်ဆိုတဲ့ သတင်းတု
Written By: နေရာမောင်Result: False