ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ရန်ကုန်နဲ့ မန္တလေးမှာ သံဃာ သောင်းနဲ့ချီပြီး ဆန္ဒပြနေတယ်ဆိုတဲ့ ဗွီဒီယိုကို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းမှားတခုဖြစ်တယ်။
ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။
“မနက်ထူးနေပြီဟေ့
၈၈ ကလို လမ်းမပေါ် ဘုန်းကြီးတွေ ပြည့်နေပြီ
ဒေါ်အောင်ဆန်းစုကြည် မလွှတ်ရင် ၈၈ကထက်ဆိုးမည်
ရန်ကုန် မန္တလေး ဘုန်းကြီး သောင်းချီ ဆန္ဒပြ နေကြပြီ”

အချက်အလက်စိစစ်ချက်
ဗွီဒီယိုဖြန့်ဝေထားတဲ့ “မန္တလေးခေတ်သစ်”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ အကြောင်းအရာတွေကို သတင်းခေါင်းစဉ်တုတပ် ဖြန့်ဝေတာတွေ ပြုလုပ်တယ်။ ဒီချန်နယ်နဲ့ ပတ်သက်တဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။
ရန်ကုန်နဲ့ မန္တလေးမှာ သံဃာတော်တွေ ဆန္ဒပြတဲ့ သတင်းကို ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေ မှာလည်း ဖော်ပြချက်မရှိပါဘူး။
မန္တလေးခေတ်သစ် ယူကျူ့ရဲ့ ဗွီဒီယိုထဲမှာဖော်ပြထားတဲ့ အသံဖိုင်နဲ့ ဖော်ပြခဲ့တဲ့ အကြောင်းအရာဟာ သံလွင်တိုင်းမ် က ဖော်ပြခဲ့တဲ့ “ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးတောင်းဆိုပေးဖို့ နိုင်ငံတော်သံဃာ့မဟာနာယက ဆရာတော်ကြီးဆီ တိုက်တွန်းတဲ့ ကမ်ပိန်း ပြုလုပ်”ဆိုတဲ့သတင်းနဲ့ တခြား သတင်းတွေကို(ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာကြည့်ပါ) ပြန်လည် အသုံးပြုထားတာတွေ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် သံဃာ့မဟာနာယကဆရာတော်ကြီးတွေအနေနဲ့ မေတ္တာရပ်ခံတောင်းဆိုပေးဖို့ Hands Of Peace ငြိမ်းချမ်းရေးကမ်းလက်များအဖွဲ့က ဦးဆောင်ပြီး ဂျပန်နိုင်ငံမှာ လက်မှတ်စုဆောင်းပြီး တောင်းဆိုစာပေးပို့မယ့် လှုပ်ရှားမှုအကြောင်း သတင်းမှာဖော်ပြပါတယ်။

သုံးသပ်ချက်
ဗွီဒီယိုကို မျှဝေထားတဲ့ “မန္တလေးခေတ်သစ်”ဟာ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေ ဖြန့်ချိတဲ့ နေရာဖြစ်တယ်။ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး မေတ္တာရပ်ခံပေးဖို့ သံဃာ့မဟာနာယက ဆရာတော်ကြီးတွေဆီ ဂျပန်ရောက်မြန်မာတွေ တိုက်တွန်းတဲ့ သတင်းကို ခေါင်းစဉ်တုတပ်ထားတယ်။
ပြောဆိုချက်- ရန်ကုန်နဲ့ မန္တလေးမှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး သံဃာ သောင်းချီ ဆန္ဒပြ
Title:Fact Check: ရန်ကုန်နဲ့ မန္တလေးမှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး သံဃာ သောင်းချီ ဆန္ဒပြတဲ့ သတင်းတု
Fact Check By: နေရာမောင်Result: False

