Fact Check: ဦးခင်ရီ ပစ်သတ်ခံရပြီး သေဆုံးတဲ့ သတင်းတု

False နိုင်ငံရေး | Politics

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးခင်ရီ ပစ်သတ်ခံရတယ်ဆိုတဲ့ ပို့စ်တစ်ခု ယူကျူ့ မှာဖြန့်ဝေ ထားတာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။

အောက်ပါစခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုဖြစ်တယ်။ အလား တူရေးသားမျှဝေမှုကို ဒီနေရာမှာလည်း တွေ့ရတယ်။

မူရင်းလင်ခ့် – Youtube link  | Archive link

အချက်အလက်စိစစ်ချက်

သတင်းမီဒီယာအချို့မှာဖော်ပြခဲ့ပြီး ရေပန်းစားခဲ့တဲ့ သတင်းတွေကို သတင်းခေါင်းစဉ်တု သို့မဟုတ် နားလည်မှုလွဲစေနိုင်တဲ့ ခေါင်းစဉ်မှားတွေတပ်ပြီး ပြန်လည်ဖြန့်ဝေလေ့ရှိတဲ့ ယူကျူ့ချန်နယ်တစ်ခုက ဖြန့်ဝေထားခြင်းဖြစ်ပါတယ်။ အခုလည်း ဦးခင်ရီ ပစ်သတ်ခံရလို့ ရေးသားထားပေမဲ့ ဗွီဒီယိုထဲမှာ ဒီလို ဦးခင်ရီ အသတ်ခံရတဲ့ အကြောင်းမပါဝင်ပါဘူး။ 

တကယ်တော့ ဗွီဒီယိုပါအကြောင်းအရာဟာ လာမည့်ရွေးကောက်ပွဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီအနေနဲ့ ပြတ်ပြတ် သားသား အနိုင်ရအောင်လုပ်မယ်လို့ ပါတီဥက္ကဋ္ဌဦးခင်ရီကပြောကြောင်း သတင်းမီဒီယာအချို့မှာဖော်ပြခဲ့တဲ့ သတင်းကို ပြန်လည်မျှ‌‌ဝေနေခြင်းဖြစ်တယ်။ 

အငြိမ်းစားစစ်ဗိုလ်ချုပ်တွေနဲ့ ဖွဲ့စည်းထားတဲ့ USDP လို့ အင်္ဂလိုအတိုခေါက်အားဖြင့်လည်း လူသိများတဲ့ပါတီဟာ ဇွန် ၈ ရက်နေ့က နေပြည်တော်မှာ အရင်စစ်အစိုးရလက်ထက်မှာ ဖွဲ့စည်းခဲ့တဲ့ ကြံ့ခိုင်ရေးအသင်းကို ပါတီအဖြစ် ပြောင်းလဲတည်ထောင်ခြင်း ၁၃ နှစ်ပြည့် အခမ်းအနားကျင်းပခဲ့ပြီး ဒီပွဲမှာ ဦးခင်ရီက ဒီလိုပြောကြားခဲ့တာ ဖြစ်ကြောင်း၊ သူတို့ပါတီဟာ အရင်စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကျင်းပပေးခဲ့တဲ့ ရွေးကောက်ပွဲကလွဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီကို အနိုင်မရခဲ့ကြောင်း၊ ၂၀၂၀ ခုနှစ်မှာလည်း  NLD ကို ထပ်မံရှုံးနိမ့်ပြီးနောက် စစ်တပ်ကို အာဏာသိမ်းဖို့ သူတို့ပါတီကပဲ တိုက်တွန်းခဲ့တဲ့အ‌ကြောင်း ဗွီဒီယိုထဲမှာပါဝင်ပါတယ်။ ဒီလင့်ခ်မှာလည်းကြည့်ပါ။

မူရင်းလင်ခ့် – Ayeyarwaddy Times | Archive link

ထို့အပြင် ၈ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲမှာ နောက်ထပ်သတင်းတွေကတော့ စစ်ကိုင်းနယ်က ပျူစောထီးတွေပိုင်တဲ့ ကား ၂ စီးကို ဒေသခံ PDF တွေက မီးရှို့ဖျက်ဆီး၊ ကရင်နီနယ်သို့ ရှေ့တန်းမထွက်လို၍ တပ်တွင်းအရာရှိများကြား သိန်းရာချီလာဘ် ထိုးမှုများရှိနေပြီး ရာထူးတိုးပေး၍ စစ်တိုက်ခိုင်းမည်ကို ကြောက်ရွံ့နေစတဲ့ သတင်းတွေပါဝင်တယ်။

သုံးသပ်ချက်

လာမည့်ရွေးကောက်ပွဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီအနေနဲ့ ပြတ်ပြတ် သားသား အနိုင်ရ အောင်လုပ်မယ်လို့ ပါတီဥက္ကဋ္ဌဦးခင်ရီကပြောကြောင်း သတင်းမီဒီယာအချို့မှာဖော်ပြခဲ့တဲ့ သတင်းကို ပြန်လည်ဖော်ပြရာမှာ ဦးခင်ရီ ပစ်သတ်ခံရလို့ သတင်းခေါင်းစဉ်တုနဲ့ လှည့်စားပြီး လူစိတ်ဝင်စားမှုရယူ ထားတာဖြစ်တယ်။ ဦးခင်ရီ ပစ်သတ်ခံရခြင်းမရှိသလို သေဆုံးခြင်းလည်းမရှိပါဘူး။

ပြောဆိုချက်- ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးခင်ရီ ပစ်သတ်ခံရ

Avatar

Title:Fact Check: ဦးခင်ရီ ပစ်သတ်ခံရပြီး သေဆုံးတဲ့ သတင်းတု

Written By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *