Fact Check: ICJ တရားရုံးကကာကွယ်ရေးဦးစီးချုပ်ကို နာမည်တပ်ဆင့်ခေါ် ထားတယ်ဆိုတာ မဟုတ်ပါ

Misleading လူမှုရေး

အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို အမည်တပ်ဆင့်ခေါ်ထားပြီး ကာကွယ် ရေးဦးစီးချုပ်အနေနဲ့ သွားရောက်ဖြေရှင်းမှာမဟုတ်ဘူးလို့ရေးသားမျှဝေလျက်ရှိရာမှာ လူမှုကွန်ယက် အသုံးပြုသူ ရာဂဏန်းဝန်းကျင်ကပြန်လည်မျှဝေထားပါတယ်။ 

ICJ က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အမည်တပ်ဆင့်ခေါ်ထားပြီး မြန်မာနိုင်ငံ အနေနဲ့ လက်မှတ်ရေးထိုးထားခြင်းမရှိတဲ့အတွက် သွားရောက်ဖြေရှင်းမှာမဟုတ်ဘူးလို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းထောက်တွေကို ပြောတယ်ဆိုပြီးတော့ ရေးသား မျှဝေနေတာဖြစ်ပါတယ်။

လူမှုကွန်ယက်အသုံးပြုသူတွေကို နားလည်မှုလွဲမှားစေနိုင်တဲ့အရေးအသားနဲ့ ပို့စ်ကိုအောက်ပါအတိုင်းတွေ့ ရ ပါတယ်။ ဒီနေရာဒီနေရာဒီနေရာဒီနေရာနဲ့ ဒီနေရာတွေမှာလည်း အလားတူ ရေးသားမျှဝေနေတာတွေ့ရပါတယ်။

“မြန်မာ့တပ်မတော်ဆိုတာဒါမျိူးကိုခေါ်တာ ပေါက်တယ်နော်ခွေးနီပိန်းလေးများ ရှင်း တယ် နော် ICJ ကိစ္စ တပ်မတော်ကာချုပ်အမည် BY NAME တပ် ဆင့်ခေါ်သည်မှန်သော်လည်း မြန်မာပြည်သည် ICC „ ICJ အဖွဲ့သို့မဝင်ထားသဖြင့် သွားရောက်ဖြေရှင်းမည် မဟုတ်ကြောင်း  တပ်မတော်သတင်းမှန်ပြန်ကြားရေးမှ ဗိုလ်ချုပ်ဇော်မင်းထွန်းမှ သတင်းထောက်များအားပြောကြားလိုက်ပါတယ်။ #Credit:ရဲဇော်”လို့ရေးသားပြီး “မဉ္ဇူသက်ထား” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက နိုဝင်ဘာ ၂၉ ရက်က မျှဝေထားပါတယ်။ 

မူရင်းလင်ခ့် – Fb link  |  Archive link

အချက်အလက်စိစစ်ချက်

နိုဝင်ဘာ ၂၇ ရက်က တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ သတင်းစာရှင်းလင်းပွဲအပြီးမှာ လူမှုကွန်ယက်မှာ အခုလို မျှဝေလာတာတွေ့ရပါတယ်။ နိုဝင်ဘာ ၂၇ ရက်က တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ ဖေ့စ်ဘွတ် စာမျက်နှာက သတင်းစာရှင်းလင်းပွဲကို live ဗွီဒီယိုထုတ်လွှင့်ခဲ့တာတွေ့ရပါတယ်။ ဒီဗွီဒီယိုကို ပြန်လည်လေ့လာ ကြည့်ရာမှာ နိုင်ငံတကာရာဇဝတ်ခုံရုံး(International Criminal Court-ICC)နဲ့ ကိစ္စနဲ့ပတ်သက်ပြီး သတင်းစာ ရှင်းလင်းသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက တစ်စုံတစ်ရာထည့်သွင်းပြောကြားခဲ့ခြင်းမရှိသလို သတင်းမီဒီယာတွေ ဘက်ကလည်း မေးခွန်းတစ်စုံ တစ်ရာမေးမြန်းခဲ့ခြင်းမရှိတာ Fact Crescendo Myanmar က တွေ့ရပါတယ်။

သို့သော်လည်း Internation Court of Justice-ICJ ကိစ္စနဲ့ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ သတင်းစာရှင်းလင်းပွဲထုတ်လွှင့်ချက် ဗွီဒီယိုရဲ့ ၄၃ မိနစ်နဲ့ ၁၀ စက္ကန့်မှာ ဘီဘီစီသတင်းဌာနက “ဒီ ICJ နဲ့ပတ်သက်ပြီးတော့ ဒီလထဲမှာ မြန်မာအစိုးရဘက်ကနေ ကြားဖြတ်အစီရင်ခံစာ တင်ဖို့ရှိတယ်ပေါ့လေ။ အဲဒီတင်တဲ့အပိုင်းမှာ မြန်မာ့တပ်မတော်အနေနဲ့ ဘယ်အပိုင်းမှာ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ထားတဲ့ ခင်ဗျ။”လို့ မေးမြန်းခဲ့တာတွေ့ရပါတယ်။ မေးခွန်းအပေါ်  ဗိုလ်ချုပ် ဇော်မင်းထွန်းက အောက်ပါ အတိုင်းဖြေကြားခဲ့ ပါတယ်။

“ICJ နဲ့ပတ်သက်ပြီးတော့ကျတော့ သူက နိုင်ငံတော် အစိုးရနဲ့ နိုင်ငံတော်အစိုးရမှာ နာမည်တွေတော့ ကျွန်တော် လည်း အရှည်ခေါက် မမှတ်မိတော့ဘူး။ ဗဟိုပုံစံမျိုးပေါ့နော်။ဗဟိုကော်မတီပုံစံမျိုးရှိတယ်။ လုပ်ငန်းကော်မတီ ပုံစံမျိုးရှိတယ်။ အဲဒီမှာ အဆင့်ဆင့်တပ်မတော်အနေနဲ့ ပါဝင်ဆောင်ရွက်လျက်ရှိတယ်။ လိုအပ်တဲ့အချက်အလက် များ၊ လိုအပ်တဲ့ဟာတွေနဲ့ပတ်သက်ပြီးတော့ အပြည့်အဝကျွန်တော်တို့ ပါဝင်ဆောင်ရွက်လျက်ရှိပါတယ်။ ဒါတွေနဲ့ ပတ်သက်ပြီးတော့ကျ အသေးစိတ်ကို ကျွန်တော်လည်း ပြောပိုင်ခွင့်လည်းမရှိဘူး။ တစ်ချို့ဟာတွေလည်း ကျွန်တော် မသိပါဘူး။”

မူရင်းလင့်ခ် – တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့Archive link 

ထို့အပြင် ပျံ့နှံ့လျက်ရှိတဲ့ပို့စ်ပါစကားလုံးတွေကို အသုံးပြုပြီး ရှာဖွေရာမှာလည်း အလားတူစကားလုံး မျိုးမတွေ့ရှိရပါဘူး။ ၂၀၁၉ ခုနှစ် နိုဝင်ဘာမှာ အပြည်ပြည်ဆိုင်ရာတရားရုံးမှာ ဂမ်ဘီယာနိုင်ငံတရားစွဲဆိုမှုအတွက် တပ်မတော်အပါအဝင်အစိုးရအနေနဲ့ ဉပဒေကြောင်းအရ ပြန်လည်ဖြေရှင်းမှုတွေ ဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။ သို့သော်လည်း နိုင်ငံတကာရာဇဝတ်ခုံရုံး (International Criminal Court-ICC)ကိစ္စနဲ့ ပတ်သက်ပြီး ဒီခုံရုံးဖြစ်ပေါ်လာဖို့အခြေခံဖြစ်တဲ့ ရောမစာချုပ် အဖွဲ့ဝင်နိုင်ငံမဟုတ်တဲ့အတွက် တရားစီရင်ပိုင်ခွင့်မရှိကြောင်း မြန်မာနိုင်ငံက ပယ်ချထားပြီး တပ်မတော်သတင်း မှန်ပြန်ကြားရေးအဖွဲ့ကလည်း အလားတူပြောဆိုချက်များ ကိုသာ ပြောကြားခဲ့တာတွေ့ရပါတယ်။ 

တပ်မတော်သတင်းမှန်ပြန်ကြားအဖွဲ့အနေနဲ့ ဖေ့စ်ဘွတ်ကနေ တရားဝင်သတင်းထုတ်လွှင့်ချက်တွေပြန်ရှာ ဖွေကြည့်ရာမှာလည်း စက်တင်ဘာ ၂၄ ရက်က သတင်းစာရှင်းလင်းပွဲရဲ့ ၅၆ မိနစ် ၁၁ စက္ကန့်မှာ RFA သတင်းဌာန က ICC သက်သေအဖြစ် တင်သွင်းဖို့ရောက်ရှိနေတဲ့ စစ်သားနှစ်ယောက်ကိစ္စနဲ့ ပတ်သက်ပြီး မေးမြန်းမှုတစ်ခု ရှိခဲ့တာတွေ့ရပါတယ်။ ဒီမေးခွန်းနဲ့ပတ်သက်ပြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ICC နဲ့ပတ်သက်ပြီး အစိုးရရော တပ်မတော်ရော အသိအမှတ်မပြုဘူးလို့ ဖြေကြားခဲ့တာတွေ့ရပါတယ်။  

အစိုးရအနေနဲ့လည်း ICJ အမှုကလွဲပြီး ကျန်တဲ့ ICC နဲ့ အာဂျင်တီးနားအမှုကို မြန်မာဖြေရှင်းမည်မဟုတ်ဘူးလို့ ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁၅ ရက်က သတင်းစာရှင်းလင်းပွဲမှာ သမ္မတရုံးပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောကြားထားတာတွေ့ရပါတယ်။

သုံးသပ်ချက်

အထက်ပါအချက်အလက်ရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို အမည်တပ် ဆင့်ခေါ်ထားပြီး ကာကွယ်ရေး ဦးစီးချုပ်အနေနဲ့ သွားရောက်ဖြေရှင်းမှာ မဟုတ်ဘူးလို့မျှဝေနေတဲ့အချက်အလက်ဟာ သတင်းတုဖြစ် တာတွေ့ရပါတယ်။ ဗိုလ်ချုပ်ဇော်မင်းထွန်းအနေနဲ့ ဒီလိုပြောကြားခဲ့ခြင်းမရှိတာလည်း တွေ့ရပါတယ်။

Avatar

Title:ICJ တရားရုံးကကာကွယ်ရေးဦးစီးချုပ်ကို နာမည်တပ်ဆင့်ခေါ် ထားတယ်ဆိုတာ မဟုတ်ပါ

Fact Check By: Nayar Maung 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *