ဒီပဲယင်းမြို့မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၅၀၀ သေဆုံးခဲ့တယ်လို့ ဆိုလိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားတာဟာ သတင်းမှားတခုသာဖြစ်တယ်။

အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ တိုက်ခိုက်ရေး လေယာဉ်ပုံတွေနဲ့ ပေါက်ကွဲမီးလောင်နေတဲ့ ဓာတ်ပုံတွေနဲ့ မတ် ၈ ရက်မှာ စတင်ဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။

“စိတ်ခိုင်ခိုင်ထားပြီး ကြည့်ကြပါ

ဒီပဲယင်းမြို့ သွေးချောင်းစီးပြီးလူ (၅၀၀)ကျော်သေ

ရုပ်/သံ

လူမျိုးတုန်းသတ်နေလို့ UN သိအောင်ဖြန့်ပေးကြပါ ”

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

“KK Audiobooks”အမည်နဲ့ ယူကျူ့ချန်နယ်ကိုလေ့လာကြည့်ရာမှာ သတင်းမီဒီယာတွေမှာဖော်ပြခဲ့တဲ့ သတင်းတွေကို လူစိတ်ဝင်စားမှုများနိုင်တဲ့ သတင်းခေါင်းစဉ်တုတပ်ကာ လုပ်ကြံရေးသားဖြန့်ဝေနေတာ တွေ့ရပါတယ်။

အခု ဗွီဒီယိုမှာလည်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် လူပေါင်း ၅၀၀ သေဆုံးဟန် ရေးသားဖြန့်ဝေ ထားပေမဲ့ ဗွီဒီယိုထဲပါအကြောင်းအရာဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနက ဖော်ပြခဲ့တဲ့ “ဒီပဲယင်းမြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ၂ ရက်ဆက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၄ ဦးသေဆုံး”ဆိုတဲ့ သတင်းကို ပြန်လည်ဖြန့်ချိနေခြင်းဖြစ်တယ်။ မူလသတင်းဖော်ပြချက်ကို ဒီလင့်ခ်မှာ ကြည့်ပါ။

ပြီးခဲ့တဲ့ ၂ နှစ်အတွင်းမှာ ဒီပဲယင်းမြို့နယ်က လက်ယက်ကုန်းနဲ့ အနီးတဝိုက်က ကန့်ဘလူမြို့နယ် ပဇီကြီးမှာ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ရာနဲ့ ချီသေဆုံးခဲ့တာမှန်ပေမဲ့ ယခုရက်ပိုင်းမှာ လေကြောင်း တိုက်ခိုက်မှုကြောင့် လူရာချီသေဆုံးခဲ့တယ်လို့ ယုံကြည်ရလောက်တဲ့ သတင်းအရင်း အမြစ်တွေမှာ ဖော်ပြချက်မရှိပါဘူး။

သုံးသပ်ချက်

မီဒီယာတခုက မူလဖော်ပြခဲ့တဲ့ ဒီပဲယင်းမြို့ပေါ်က စစ်ကောင်စီတပ်ကို တော်လှန်ရေးအဖွဲ့တွေက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုမှာ စစ်ကောင်စီ စစ်သား ၄ ဦးသေဆုံးမှု သတင်းကို လိုအပ်လို ခေါင်းစဉ်တုတပ်ထားတယ်။ ယခုရက်ပိုင်းမှာ ဒီပဲယင်းမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် လူအမြောက်အများသေဆုံးတယ်ဆိုတဲ့ အထောက်အထားမရှိပါဘူး။

Avatar

Title:Fact Check: ဒီပဲယင်းမှာ လေကြောင်း တိုက်ခိုက်မှုကြောင့် လူ ၅၀၀ သေဆုံးတဲ့ သတင်းတု

Written By: Zun Zee

Result: False