
၃ ရက်အတွင်း ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ အာရက္ခတပ်တော်(AA)က ရာဇသံပေးလိုက်ပြီး လွှတ်မပေးပါက ဖမ်းထားတဲ့ စစ်သုံပန်းတွေကို အကုန်လည်လှီးသတ်မယ်လို့ဆိုထားတဲ့ ဗွီဒီယိုပို့စ် ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်းနေတာ တွေ့ရပါတယ်။ တကယ်တော့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတု တခုသာဖြစ်တယ်။
ဒီဇင်ဘာ ၆ ရက်မှာ စတင်ဖြန့်ဝေထားပြီး ပျံ့နှံ့မှုအားကောင်းနေဆဲ ဗွီဒီယိုပို့စ်ပါ စာသားကောက်နုတ်ချက်နဲ့ ပို့စ်စခရင်ရှော့ကို အောက်မှာ ကြည့်ပါ။
“(၃)ရက်အတွင်း အမေစုကို ပြန်မလွှတ်ပေးပါက
ဖမ်းထားတဲ့ တိုင်းမှူးနဲ့စစ်ခွေး(၂၀၀၀)ကျော်
အကုန်လည်လှီးသတ်ပစ်မည်ဟု AA ဒဲ့ပြော”
မူရင်းလင်ခ့် – Youtube link | Archive link
အချက်အလက်စိစစ်ချက်
“Local Celegram”ဟာ လုပ်ကြံရေးသားဖြန့်ဝေမှုတွေနဲ့ မီဒီယာတွေမှာဖော်ပြခဲ့တဲ့ သတင်းတွေကို သတင်း ခေါင်းစဉ်တုတပ်ဖြန့်ချိတဲ့ နေရာဖြစ်တယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာ ကြည့်ပါ။
Also read – Fact Check: ၁ ရက်အတွင်း အာဏာမလွှဲပေးရင် တရုတ်ပိုက်လိုင်းကို ဖောက်ခွဲမယ်လို့ AA ကို ကြေညာဆိုတဲ့ သတင်းတု
အခုလည်း ဗွီဒီယိုအစမှာ ပြသတဲ့ ရုပ်ကတ်မှာ ၃ ရက်အတွင်း ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ အာရက္ခတပ်တော်(AA)က ရာဇသံပေးလိုက်တယ်လို့ဆိုထားပေမဲ့ သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ ဒီလိုပဲ ဗွီဒီယိုထဲမှာ အသံဖိုင်နဲ့ ဖတ်ကြားနေတဲ့အကြောင်းအရာဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနကဖော်ပြခဲ့တဲ့ “အမ်းမြို့နှင့် ဂွမြို့တွင် စစ်ကူစစ်တပ်စစ်ကြောင်းများကို တိုက်ခိုက်မှု စစ်သားအလောင်း ၂၂၀ ကျော်နှင့် စစ်သုံ့ပန်းတချို့ အရှင်ဖမ်းဆီးရရှိပြီး လက်နက်ခဲယမ်းအများ အပြား သိမ်းဆည်းရရှိ”ဆိုတဲ့ သတင်းကို ပြန်လည်ဖော်ပြထားခြင်းဖြစ်တယ်။
သုံးသပ်ချက်
“Local Celegram”ဟာ လုပ်ကြံရေးသားဖြန့်ဝေမှုတွေနဲ့ မီဒီယာတွေမှာဖော်ပြခဲ့တဲ့ သတင်းတွေကို သတင်း ခေါင်းစဉ်တုတပ်ဖြန့်ချိပါတယ်။ ၃ ရက်အတွင်း ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ အာရက္ခတပ်တော်(AA)က ရာဇသံပေးလိုက်တဲ့အကြောင်း သတင်းမီဒီယာတွေမှာဖော်ပြချက်မရှိပါဘူး။

Title:Fact Check: ၃ ရက်အတွင်း ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ AA ရာဇသံပေးတဲ့ သတင်းတု
Written By: နေရာမောင်Result: Misleading