
စစ်ကောင်စီကို ဖယ်ရှားဖို့ အမေရိကန်နဲ့ ဗြိတိန်ဦးဆောင်ပြီး နိုင်ငံပေါင်း ၉၃ နိုင်ငံကြေညာတယ်လို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။ သတင်းတုသာဖြစ်တယ်။
အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။
“အရေးပေါ်ကြေညာလိုက်ပြီ
အမေရိကန်နဲ့ဗြိတိန် ဦးဆောင်ပြီ
စစ်ကောင်စီကိုဖယ်ရှားရန်(၉၃)နိုင်ငံကြေငြာ”
မူရင်းလင်ခ့် – Youtube link | Archive link
အချက်အလက်စိစစ်ချက်
သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Khit Thit News”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူဖော်ပြပြီး အခုလိုပဲ သတင်းခေါင်းစဉ်တုတပ်ကာ ဖြန့်ချိလေ့ရှိတာတွေ့ရပါတယ်။
အခုလည်း ဗွီဒီယိုပါအကြောင်းအရာဟာ ဘီဘီစီမြန်မာပိုင်းမှာဖော်ပြခဲ့တဲ့ “မြန်မာကို နိုင်ငံသားတွေခရီးမသွားဖို့ တားမြစ်ချက် ယူကေအပြင် အမေရိကန်ပါထပ်ပြော”ဆိုတဲ့ သတင်းကို ပြန်လည်ဖတ်ကြားနေခြင်းဖြစ်တယ်။
၉ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲမှာ တခြားသတင်းဌာနတချို့ကသတင်းတွေကို ပြန်လည်ဖော်ပြထားပြီး ရန်ကုန်ခေတ်သစ်သတင်းဌာနကဖော်ပြခဲ့တဲ့ “ကလေးမြို့ မင်းကြီးဟိုတယ်၊ ရေကူးကန်တွင် ရေကူးနေသော လူငယ်များကို စစ်တပ်က ဖမ်းဆီးပြီးနောက် တချို့ ကို စစ်မှုထမ်းပါမည်ဟု ကတိခံဝန်ထိုးခိုင်း လွှတ်ပေး သော်လည်း တချို့ စစ်မှုထမ်းရန် ခေါ်ဆောင်သွား”၊ ဧရာဝတီတိုင်းမ်သတင်းဌာနကဖော်ပြခဲ့တဲ့ “ပြည်သူများသည် နိုင်ငံကိုပျက်စီးစေရန် လုပ်ဆောင်နေသည့် အရိပ်နေနေ အခက်ချိုးချိုး အကြမ်းဖက် အဖျက်သမားများဟု စစ်ခေါင်းဆောင်ပြော”စတဲ့ သတင်းတွေလည်းပါဝင်တယ်။ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ ကြည့်ပါ။
သုံးသပ်ချက်
စစ်ကောင်စီကို ဖယ်ရှားဖို့ အမေရိကန်နဲ့ ဗြိတိန်ဦးဆောင်ပြီး နိုင်ငံပေါင်း ၉၃ နိုင်ငံကြေညာတယ်ဆိုတာ အထောက်အထားမရှိပါဘူး။ ဒီလိုအခြေအနေမှာပဲ ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းတွေကို သတင်းခေါင်းစဉ်တု သို့မဟုတ် နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်လွဲတွေ တပ်ပြီး ဖြန့်ချိလေ့ရှိတာတွေ့ရတယ်။

Title:Fact Check: စစ်ကောင်စီကို ဖယ်ရှားဖို့ အမေရိကန်နဲ့ ဗြိတိန်ဦးဆောင်ပြီး နိုင်ငံပေါင်း ၉၃ နိုင်ငံကြေညာတဲ့ သတင်းတု
Written By: နေရာမောင်Result: False