
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နုတ်ထွက်လို့ တနိုင်ငံလုံး အံဩကာ စစ်တပ်အကြီးအကဲ အသစ်လည်း ခန့်အပ်တော့မယ်လို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။
အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ ဖေဖော်ဝါရီ ၂၈ ရက်မှာ စတင်ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်အထိ ကြည့်ရှု့မှုပေါင်း ၁ သိန်းဝန်းကျင်ရရှိ ထားတယ်။
“မင်းအောင်လှိုင် နှုတ်ထွက် သတင်း တစ်နိုင်ငံလုံး အံ့ဩကုန်ပြီ တပ်ချုပ်အသစ် ခန့်အပ်တော့မည်” (မူရင်းအရေးအသား)

မူရင်းလင်ခ့် – Youtube link | Archive link
အချက်အလက်စိစစ်ချက်
Naypudaw Khit Thit Radio အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းဌာနတွေက ဖော်ပြခဲ့တဲ့ သတင်းကို ပြန်လည်ကူးယူဖော်ပြပြီး သတင်း ခေါင်းစဉ်လွဲ သို့မဟုတ် သတင်းခေါင်းစဉ်တုတပ်ကာ ဖြန့်ချိလေ့ရှိတယ်။ ဒီအပြင် ရံဖန်ရံခါမှာ လုပ်ကြံရေးသားထားတဲ့ ရေးသားဖြန့်ဝေချက်တွေကိုလည်း ဖြန့်ချိတာတွေ့ရပါတယ်။ Fact Crescendo Myanmar က ဒီချန်နယ်နဲ့ ပတ်သက်ပြီး အချက်အလက်စိစစ်ခဲ့တာတွေကို ဒီလင့်ခ်၊ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ ကြည့်ပါ။ အောက်ပါ စခရင်ရှော့ ဓာတ်ပုံကတော့ ဇန်နဝါရီလထဲမှာပဲ ဒီချန်နယ်က ဖြန့်ဝေခဲ့တဲ့ စစ်ခေါင်းဆောင် ဧပြီလထဲမှာ ပင်စင်ယူမယ်လို့ ကြေညာဆိုတဲ့ သတင်းကို အချက်အလက်စိစစ်ထားခြင်း ဖြစ်တယ်။

အခုလည်း ဗွီဒီယိုအစမှာပြတဲ့ thumbnail ဓာတ်ပုံမှာဖြစ်စေ ဗွီဒီယိုထဲမှာ ပြောကြားချက်မှာဖြစ် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နုတ်ထွက်တော့မယ်လို့ ဖော်ပြခဲ့တာတွေ့ရပါတယ်။ အခုလို နုတ်ထွက်ပြီးနောက် လာမယ့်ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေးမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အသစ်ကို ခန့်အပ်သွားဖို့ရှိတယ်လို့လည်း ပြောဆိုခဲ့တာတွေ့ရပါတယ်။
တကယ်တော့ ဒီပြောဆိုချက်ကို အထောက်အပံ့ပေးမယ့် ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ် တခုတလေကမျှ ဖော်ပြချက်မတွေ့ရပါဘူး။ စစ်အာဏာသိမ်းမှုအပြီး တော်လှန်ပုန်ကန်မှုတွေကြောင့် နယ်မြေဒေသအများအပြားကို လက်လွတ်ဆုံးရှုံးခဲ့ရတဲ့ မြန်မာစစ်တပ်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် အနားယူလိမ့်မယ် သို့မဟုတ် ဒုတိယစစ်ခေါင်းဆောင်က အာဏာသိမ်းလိမ့်မယ်ဆိုတဲ့ ယူဆချက်ဟာ နိုင်ငံရေးနဲ့ စစ်ရေးအသိုင်းအဝိုင်းမှာ ကာလရှည်ကြာ သုံးသပ်နေကြတဲ့ သုံးသပ်ချက်ပဲဖြစ်ပါတယ်။ ဒီအတွက်လည်း လုပ်ကြံသတင်းတု ဖြန့်ချိသူတွေက မကြာခဏဆိုသလို ဖြန့်ချိလေ့ရှိတဲ့ သတင်းတုသတင်းမှားတခုလည်းဖြစ်ခဲ့ပါတယ်။
သုံးသပ်ချက်
Naypudaw Khit Thit Radio အမည်နဲ့ ယူကျူ့ချန်နယ်ဟာ အခုလိုပဲ လုပ်ကြံသတင်းတွေဖြန့်ချိပါတယ်။ လက်ရှိအချိန်အထိ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ အနားယူမယ်ဆိုတဲ့ ကြေညာချက်မျိုး သို့မဟုတ် စစ်တပ်အသိုင်းအဝိုင်းဘက်ကနေပြီးတော့ ယုံကြည်ရလောက်တဲ့ မီဒီယာတွေကို ထုတ်ပြောဆိုလာတာ မတွေ့ရပါဘူး။

Title:Fact Check: စစ်ခေါင်းဆောင် နုတ်ထွက်လို့ တနိုင်ငံလုံး အံဩကုန်ဆိုတဲ့ သတင်းတု
Written By: နေရာမောင်Result: Misleading