၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေဖျက်သိမ်းဖို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)နဲ့ မွတ်ဆလင် အသိုင်းအဝိုင်းက တောင်းဆိုမှုကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH)က ဦးစည်သူမောင်က ဆန့်ကျင်ခဲ့တယ်လို့ ဆိုထားတဲ့ ပို့စ်တွေ ဖေ့စ်ဘွတ်မှာ ဖြန့်ဝေနေတာဟာ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားတွေ ဖြစ်တာတွေ့ရတယ်။

အောက်ပါစာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ကတော့ ဒီလိုဆိုလိုထားတဲ့ ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။

“လောက်စည်သူမောင်

မွတ်စလင်မဲနဲ့ အမတ်တက်လုပ်တဲ့ မွတ်စလင် စည်သူမောင်က မွတ်စလင်တွေကို ဖိနှိပ်ဖို့သက်သက် ပြဌာန်းထားတဲ့ ၁၉၈၂နိုင်ငံသားဥပဒေဖျက်သိမ်းရေးကို အခုလုပ်လို့မရဘူးဆိုပြီး NUCCညီလာခံမှာ CRPHကိုယ်စား ဦးဆောင်ပြီး ကန့်ကွက်သတဲ့။

၁၉၈၂နိုင်ငံသားဥပဒေထက် အများကြီးပိုကြီးတဲ့ ထိပ်ခေါင်ဥပဒေ ၂၀၀၈ဖွဲ့စည်းပုံကို လူထုဆန္ဒမခံယူပဲ ဖျက်ရဲခဲ့တဲ့ NUG ဇင်မာအောင်နဲ့ CRPHတို့ကလည်း၊ မွတ်စလင်တွေကို နိုင်ငံမဲ့ဖြစ်အောင်လုပ်ခဲ့တဲ့ ၁၉၈၂နိုင်ငံသားဥပဒေကျတော့ လူထုဆန္ဒခံယူပြီးမှ ဖျက်နိုင်မယ်တဲ့။

သူတို့အကြံက ရှင်းရှင်းလေးပါ။

၁၉၈၂နိုင်ငံသားဥပဒေ ဖျက်လို့မရအောင်၊ မွတ်စလင်တွေကို တန်းတူနိုင်ငံရေးအခွင့်အရေးတွေ မပေးရအောင် မဘသတွေ၊ မျိုးချစ်တွေကို နောက်ကွယ်ကမြှောက်ပေးပြီး ကပျက်ကယက်လုပ်မယ့် အကြံယုတ်ဖြစ်တယ်။

၂၀၀၈ဖွဲ့စည်းပုံမရှိရင် လက်ရှိနုကြည်အမတ်တွေလည်း မရှိတော့ဘူး။ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်စုလည်း မရှိတော့ဘူး။ သမ္မတဦးဝင်းမြင့်လည်း မရှိတော့ဘူး။

ဒါတောင်မှ ၂၀၀၈ဖွဲ့စည်းပုံကို ဖျက်ရဲပြီး မွတ်စလင်ဖိနှိပ်တဲ့ ၁၉၈၂ နိုင်ငံသားဥပဒေကျမှ အခုမဖျက်နိုင်သေးဘူးဆိုတာက ခင်ဗျားတို့တွေ မွတ်စလင်မုန်းလို့ မဟုတ်ရင် ဘာအတွက်လဲ။

ကမ္ဘာပေါ်မှာ ကိုယ့်နိုင်ငံသားတွေရဲ့ မွေးရာပါအခွင့်အရေးကို ပြောင်ပြောင်ကြီး ငြင်းပယ်ထားတဲ့ ကမ္ဘာပေါ်မှာ အဆိုးဝါးဆုံး နိုင်ငံသားဥပဒေကို ဒီမိုအရေခြုံ လူမျိုးရေးအစွန်းရောက် နီပေါတွေက စစ်အုပ်စုနဲ့ ပိုကြိုက်နေကြတာ ဘာကြောင့်လဲ။

ဖြေကြည့်

အသားထဲကလောက် စည်သူမောင်ကတော့ သူ့သမိုင်း သူရေးသွားလေပြီ။”

မူရင်းလင်ခ့် – Facebook link | Archive link

အချက်အလက်စိစစ်ချက်

ဒီလိုလူမှုကွန်ယက်မှာ ဖြန့်ဝေနေသလို သူ့အနေနဲ့ ကန့်ကွက်ခဲ့တယ်၊ အခြားအဖွဲ့အစည်းတွေက အဆိုပြုတာကို ပယ်ဖျက်ခဲ့တယ်ဆိုတာ မဟုတ်ကြောင်း ဦးစည်သူမောင်က သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာက တဆင့်ရှင်း လင်းထားတယ်။ အောက်ပါ စာသားကတော့ ဦးစည်သူမောင်ရဲ့ ရှင်းလင်းချက်ထဲက ကောက်နုတ်ချက်ဖြစ်တယ်။ ဦးစည်သူမောင်ရဲ့ ရှင်းလင်းချက်အပြည့်အစုံကို ဒီလင့်ခ်မှာကြည့်ပါ။

“၁၉၈၂ နိုင်ငံသားဥပဒေဖျက်သိမ်းရေးကိစ္စကို ကျနော်ကပဲ ကန့်ကွက်တယ် ပါယ်ဖျက်တယ်ဆိုပီး လူနည်းစုဘာသာဝင်တွေအကြား အထူးသဖြင့် ပန်းဘဲတန်း ကျနော့်မဲ့ဆန္ဒနယ်က အစ္စလာမ်ဘာသာဝင်များကို နားလည်မှုလွဲအောင် လုပ်ကြံပီး ကျနော့်အပေါ် မလိုမုန်းထားတိုက်ခိုက်မှုတွေ ရှိနေခဲ့တာအမှန်ပါ အဲ့ထဲ နာမည်နဲ့ထုတ်ပြောဖို့လိုတာက ရွေးကောက်ပွဲကာလ ကတည်းက အွန်လိုင်းပေါ် ရေးခဲ့ကြတဲ့ ကနေဒါနိုင်ငံက အောင်တင် ဆိုတဲ့သူက အဆိုးဆုံးပါ ။ ခုအောက်မှာလဲ ဖော်ပြထားပါတယ် ။

CRPH ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီရဲ့ ဥပဒေရေးရာကော်မတီ အပါအဝင် NUG လူ့အခွင့်အရေးဝန်ကြီးဌာန ရဲ့ ၁၉၈၂ နိုင်ငံသားဥပဒေအပေါ် လေ့လာသုံးသပ်ရေး အစီရင်ခံစာတွေ ကိုကျနော်တို့ ဒီတော်လှန်ရေး ခရီးအစထဲက တောက်လျောက်လုပ်နေခဲ့တာဖြစ်ပါတယ် CRPH ရဲ့ ဥပဒေရေးရာကော်မတီ ရဲ့ သုံးသပ်ချက်အရ ၁၉၈၂ နိုင်ငံသားဥပဒေဟာ ပြန်လည်ပြင်ဆင်သင့်တဲ့ ဥပဒေဖြစ်ကြောင်း သုံးသပ်တွေ့ရှိတဲ့အပြင် ၅၀ရာနှုန်းကျော် အထိ ပြင်ဖို့လေ့လာတွေ့ရှိတာကြောင့် ဥပဒေတစ်ခုကို အသစ်ပြန်လည်ရေးဆွဲရေးဟာ ပိုလက်တွေ့ကျကြောင်း ဆွေးနွေးခဲ့ကြဖူးပါတယ်။”

ဒီအပြင် ဧပြီလ ၄ ရက်ကနေ ၉ ရက်နေ့အထိ ငါးရက်ကြာကျင်းပခဲ့တဲ့ ဒုတိယအကြိမ် ပြည်သူ့ညီလာခံကနေ ၁၉၈၂ နိုင်ငံသားဥပဒေဖျက်သိမ်းရေးနဲ့ ပတ်သက်ပြီး ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် ဖော်ပြချက်ပါ ကြားကာလဥပဒေပြုရေး အခန်း ၅ ရဲ့ ဖော်ပြချက်အတိုင်း ဆက်လက်ဆောင်ရွက်သွားမယ်လို့လည်း အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)က ထုတ်ပြန်ခဲ့ပါတယ်။

သုံးသပ်ချက်

၁၉၈၂ နိုင်ငံသားဥပဒေဖျက်သိမ်းရေးကိစ္စကို ကန့်ကွက်ခဲ့တာမရှိကြောင်းလည်း ဦးစည်သူမောင်က ရှင်းလင်း ထားတယ်။ ဒုတိယအကြိမ် ပြည်သူ့ညီလာခံကနေ ၁၉၈၂ နိုင်ငံသားဥပဒေဖျက်သိမ်းဖို့ သဘောတူညီမှုရခဲ့တဲ့ အကြောင်း အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ(NUCC)က ထုတ်ပြန်ချက်မှာဖော်ပြထားတယ်။ ဒီအချက်အလက်တွေအရ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့ခဲ့တဲ့ CRPH က ဦးစည်သူမောင်က ၁၉၈၂ နိုင်ငံသားဥပဒေဖျက်သိမ်းဖို့ ကိစ္စကို ပယ်ချခဲ့တယ်ဆိုတာ သတင်းမှားတခုသာဖြစ်တယ်။

ပြောဆိုချက်- ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို ဖျက်သိမ်းမှုကို CRPH က ဆန့်ကျင်

Avatar

Title:Fact Check: ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို ဖျက်သိမ်းမှုကို CRPH က ဆန့်ကျင်ဆိုတဲ့ သတင်းမှား

Fact Check By: နေရာမောင်

Result: Misleading