
တနေ့ကို နို့ဖန်ခွက် ၂ ခွက်ပဲ သောက်ပေးရုံနဲ့ ဆီးချိုကို ၇ ရက်အတွင်း ပျောက်ကင်းစေတယ်လို့ ဖေ့စ်ဘွတ်မှ ကြော်ငြာရောင်းချနေတဲ့ ပို့စ် ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။
အောက်ပါစခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ကို ရယူထားခြင်းဖြစ်တယ်။
မူရင်းလင်ခ့် – Original link | Archive link
မျှဝေထားတဲ့လင့်ခ်ကို ဝင်ရောက်ကြည့်ရှု့ရာမှာတော့ ရှည်လျားလှတဲ့ အမေးအဖြေပုံစံရေးသားမျှဝေချက်မှာ Gludiabetic က ဆီးချိုပျောက်တယ်လို့ ဟော်မုန်းအထူးကုဆရာဝန် Yoshinori Ohsumi က ညွှန်းဆိုထားတာကို အတိုချုပ်အားဖြင့် နားလည်နိုင်တယ်။ အောက်ပါ စခရင်ရှော့ ဓာတ်ပုံကတော့ ဒီလို ဝင်ရောက်ကြည့်ရှု့ရာမှာ တွေ့ရတဲ့ Yoshinori Ohsumi ဆိုသူ ဆရာဝန် ဓာတ်ပုံနဲ့ ပြောဆိုချက်စာသားရဲ့ အစိတ်အပိုင်းတခုဖြစ်တယ်။
အလားတူတဲ့ ဆီးချိုကို ပျောက်ကင်းအောင်ကုသနိုင်တဲ့ အရာအဖြစ်ရေးသားမျှဝေမှုကို ဒီနေရာမှာလည်းတွေ့ရပါတယ်။
အချက်အလက်စိစစ်ချက်
နို့ထဲမှာပါဝင်တဲ့ အဟာရဓာတ်တချို့ဟာ ဆီးချိုရောဂါကို သက်သာစေနိုင်တယ်ဆိုတဲ့ ကနဦးလေ့လာ ချက်တချို့ ရှိပေမဲ့ နို့မှုန့်ဟာ ဒီလိုဆီးချိုရောဂါကို ပျောက်ကင်းအောင် ကုသနိုင်တယ်ဆိုတဲ့တွေ့ရှိချက်တော့ မရှိပါဘူး။
တကယ်တော့ ဆီးချိုရောဂါဟာ ဖြစ်ပြီးရင် ပျောက်ကင်းတဲ့ ရောဂါမျိုးမဟုတ်ပါဘူး။ လက်ရှိအချိန်အထိလည်း ဆီးချိုရောဂါကို ပျောက်ကင်းအောင် ကုသနိုင်တဲ့အနေအထား ဆေးပညာရပ်နယ်ပယ်မှာ မတွေ့ရှိသေးပါဘူး။ ဆီးချိုဝေဒနာခံစားရတဲ့သူတွေဟာ နောက်ဆက်တွဲ လက္ခဏာတွေကို သက်သာအောင် ပြုပြင်စားသောက်နေထိုင် လို့သာ ရနိုင်ပြီး ဈေးကွက်ထဲမှာ ရောင်းချနေတဲ့ ဆီးချိုဆေးတွေဟာလည်း သွေးတွင်းသကြားဓာတ်ကို ထိန်းသိမ်းဖို့အတွက်သာဖြစ်ပြီး ကုသပျောက်ကင်းဆေးနိုင်တဲ့ဆေးမဟုတ်ပါဘူး။
နို့မှုန့်ကို ဒီလို ဆီးချိုပျောက်ဆေးအဖြစ် ကြော်ငြာရောင်းချနေတာတွေနဲ့ ပတ်သက်ပြီး Fact Crescendo Myanmar က အချက်အလက်စိစစ်ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ ဒီလင့်ခ်မှာကြည့်ပါ။
ဒီအပြင် အခုလို Gludiabetic ဆိုတဲ့ နို့မှုန့်ကောင်းကြောင်း၊ ဆီးချိုပျောက်ကင်းကြောင်းဖော်ပြထားတဲ့ ဆရာဝန် Yoshinori Ohsumi ဆိုတဲ့ ဓာတ်ပုံဟာလည်း မှန်ကန်မှုမရှိပါဘူး။ Yoshinori Ohsumi ဟာ နိုဗယ်ဆုရ ဂျပန် ဇီဝဆဲလ်ဗေဒပညာရှင်တဦးဖြစ်ပြီး သူ့ဓာတ်ပုံနဲ့ သူ့အကြောင်းကို ဒီမှာကြည့်ပါ။
အခု ကြော်ငြာဝက်ဘ်ဆိုဒ်မှာဖော်ပြထားတဲ့ ဆရာဝန်ဆိုသူကတော့ တရုတ်ရိုးရာဆရာဝန်တဦးဖြစ်ပြီး ဓာတ်ပုံကို တရုတ်ဘာသာနဲ့ရေးသားထားတဲ့ တရုတ်ဝက်ဘ်ဆိုဒ်တချို့မှာတွေ့နိုင်ပါတယ်။ ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာ ကြည့်ပါ။
Gludiabetic အမည်နဲ့ အရှေ့တောင်အာရှမှာ ခေတ်စားတဲ့ အွန်လိုင်းဈေးရောင်းဈေးဝယ်ဝက်ဘ်ဆိုဒ်တချို့မှာ ကြော်ငြာထားတာတွေ့ရပေမဲ့ မြန်မာဘာသာနဲ့ အသုံးပြုသူတွေအကြားမှာ ဖော်ပြကြော်ငြာနေသလို ဆီးချိုကုသ ပျောက်ကင်းနိုင်တယ်လို့ ကြော်ငြာထားတာမျိုးတော့ မပါရှိဘဲ ဆီးချိုသမားတွေအတွက် အဟာရ ဖြည့်စွက်စာ အဖြစ်သာ ကြော်ငြာရောင်းချပါတယ်။
သုံးသပ်ချက်
နို့ထဲမှာပါဝင်တဲ့ အဟာရဓာတ်တချို့ဟာ ဆီးချိုရောဂါကို သက်သာစေနိုင်တယ်ဆိုတဲ့ ကနဦးလေ့လာ ချက်တချို့ ရှိပေမဲ့ နို့မှုန့်ဟာ ဒီလိုဆီးချိုရောဂါကို ပျောက်ကင်းအောင် ကုသနိုင်တယ်ဆိုတဲ့ အထောက်အထားမရှိပါဘူး။ ဒီလိုပဲ ဆေးပညာနယ်ပယ်မှာ ဆီးချိုရောဂါကို ပျောက်ကင်းအောင်ကုသနိုင်ပြီဆိုတဲ့ အထောက်အထားလည်း မတွေ့ရပါဘူး။

Title:Fact Check: နို့မှုန့်က ဆီးချိုပျောက်တယ်လို့ ကြော်ငြာနေတဲ့ သတင်းမှား
Written By: နေရာမောင်Result: False