
“Happy Birthday”လို့ သူတို့စာမျက်နှာ မှတ်ချက်ရေးသူတိုင်း မက်ခရိုကုန်တိုက်က မွေးနေ့လက်ဆောင်အဖြစ် ဒေါ်လာ ၅၀၀၀ ပေးနေပြီဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းမှားတခုဖြစ်တယ်။
အောက်ပါစခရင်ရှော့ဓာတ်ပုံနဲ့ စာသားကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက် ဖြစ်တယ်။
“အားလုံးပဲမင်္ဂလာပါ @Makro ရဲ့မွေးနေ့ကို ဂုဏ်ပြုဖို့အတွက် 2024 ခုနှစ် ဇူလိုင်လ 10 ရက်နေ့ မတိုင်ခင် ကျွန်ုပ်တို့ရဲ့ PAGE မှာ “Happy Birthday” ရေးသူတိုင်း 350 ယောက်အတွက် လက်ဆောင်အိတ် 500 အတွက် လက်ဆောင်ဘောက်ချာ $5000 အခမဲ့ရရှိမှာဖြစ်ပါတယ်။ 😍🛒 ကံထူးရှင်များအားလုံးကို အဖွဲ့မှ တိုက်ရိုက်ဆက်သွယ်ပါမည်။ ဘောက်ချာများကို ကျွန်ုပ်တို့၏အေဂျင်စီများအားလုံးတွင် လဲလှယ်နိုင်ပါသည်။”
မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
တကယ်တော့ “Makro fans”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာဟာ နယ်သာလန်အခြေစိုက် မက်ခရို(Makro) ကုန်တိုက်လုပ်ငန်းစုရဲ့ အမည်နာမကို အသုံးပြုပြီ လူတွေကို လှည့်စားထားတဲ့ စာမျက်နှာတခု သာဖြစ်တယ်။ မြန်မာနိုင်ငံ ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်မှာ မက်ခရိုကုန်တိုက်တခုတည်ရှိပါတယ်။ ဒီလုပ်ငန်းစုက ကိုင်တွယ်အသုံးပြုနေတဲ့ စာမျက်နှာဟာ “Makro Myanmar” ဖြစ်ပြီး ဒီစာမျက်နှာကပဲ “Makro fans”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာဟာ သူတို့ကို တုပထားတဲ့ စာမျက်နှာဖြစ်ကြောင်း ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၁ ရက်က ကြေညာထားတာတွေ့ရပါတယ်။
“အောက်ပုံပါ “Makro Fans” အမည်ခံထားသော page သည် မက်ခရိုမြန်မာ၏ တရားဝင် page အသွင်ဖြစ် lucky draw အစီစဉ်များပြုလုပ်နေပါသည်။
သို့ဖြစ်ပါ၍ ယခု follower 248K ရှိသော Makro Myanmar Official page သည်သာလျှင် မက်ခရိုမြန်မာ၏ တရားဝင် Page ဖြစ်ကြောင်းနှင့် ယင်း page အတုနှင့် ဆက်စပ်၍ ပြသာနာတစ်စုံတစ်ရာဖြစ်ပေါ်လာပါက Makro Myanmar မှတာဝန်ယူမည်မဟုတ်ပါကြောင်း အကြောင်းကြားအပ်ပါသည် ခင်ဗျာ။”
သုံးသပ်ချက်
“Makro fans”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာဟာ မက်ခရို(Makro) ကုန်တိုက် လုပ်ငန်းစုရဲ့ အမည်နာမကို အသုံးပြုပြီ လူတွေကို လှည့်စားထားတဲ့ စာမျက်နှာတခု သာဖြစ်တယ်။ မက်ခရိုကုန်တိုက်က ဒီလို မွေးနေ့ လက်ဆောင်အနေနဲ့ မှတ်ချက်ရေးသူတွေကို ဒေါ်လာ ၅၀၀၀ ပေးမယ်ဆိုတဲ့ ကြေညာချက်မရှိသလို အထောက်အထားလည်းမရှိပါဘူး။
ပြောဆိုချက်- “Happy Birthday”လို့ မှတ်ချက်ရေးသူတိုင်း မက်ခရိုကုန်တိုက်က မွေးနေ့လက်ဆောင်အဖြစ် ဒေါ်လာ ၅၀၀၀ ပေးနေပြီ

Title:Fact Check: မက်ခရိုကုန်တိုက်က မွေးနေ့လက်ဆောင်တွေ ပေးနေပြီဆိုတဲ့ သတင်းမှား
Fact Check By: Zun ZeeResult: False