
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ လုပ်ရပ်တွေကို မကြိုက်လို့ ပေါက်ကိုယ်တော် အလင်းဝင်ပြီလို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားသာဖြစ်တယ်။
အောက်ပါစာသားနဲ့ စခရင်ရှော့ဓာတ်ပုံကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက် ဖြစ်တယ်။
“ပေါက်ကိုယ်တော်အလင်းဝင်ပီ
မင်းအောင်လှိုင်၏လုပ်ရပ်များကိုမကြိုက်
တော့သဖြင့်ပေါက်ကိုယ်တော်ပုံကန်ပီဟေ့ ”
မူရင်းလင်ခ့် – Youtube link | Archive link
အချက်အလက်စိစစ်ချက်
သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက် မရှိပါဘူး။ “Myawaddy News” အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့အကြောင်းအရာတွေကို ပြန်လည်ကူးယူ ဖော်ပြ ရာမှာ သတင်းခေါင်းစဉ်တုတပ်ကာ လုပ်ကြံရေးသားကာ ဖြန့်ဝေတဲ့ နေရာတခု ဖြစ်တာတွေ့ရပါတယ်။ Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။
တကယ်တမ်း ဗွီဒီယိုမှာပါတဲ့အကြောင်းအရာဟာ ဧရာဝတီမြန်မာပိုင်းက သတင်းဌာနကဖော်ပြခဲ့တဲ့ “ထောက်ခံ သူများကပင် မင်းအောင်လှိုင်ကို ပြန်ရှုတ်ချနေကြပြီ”ဆိုတဲ့ သတင်းဆောင်းပါးကို ပြန်လည်ဖော်ပြနေခြင်းဖြစ်ပြီး ဒီဆောင်းပါးထဲမှာ နာမည်ကျော် စစ်တပ်ထောက်ခံသူတွေက စစ်ခေါင်းဆောင်ကို ဝေဖန်လာတာတွေကို စုပေါင်းဖော်ပြထားတာတွေ့ရပြီး ပေါက်ကိုယ်တော်လို့ လူသိများတဲ့ စစ်တပ်ကို အမာခံထောက်ခံတဲ့ ဘုန်းကြီးကလည်း စစ်ခေါင်းဆောင်ကို စိတ်ပျက်နေပြီလို့ ဝေဖန်တဲ့အကြောင်းဖော်ပြထားတယ်။ အောက်ပါစခရင်ရှော့ကတော့ မူလသတင်းဆောင်းပါးဖော်ပြချက် အစိတ်အပိုင်းကို ရယူထားခြင်းဖြစ်တယ်။
မူရင်းလင်ခ့် – Irrawaddy Burmese | Archive link
တခြားသော နောက်ထပ်ဖော်ပြထားတဲ့ သတင်းကတော့ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေး ဗဟိုကြီးကြပ်မှုအဖွဲ့ စစ်တပ်က ထပ်မံဖွဲ့စည်းတဲ့ သတင်းဖြစ်တယ်။
သုံးသပ်ချက်
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လုပ်ရပ်တွေကို မကြိုက်လို့ ပေါက်ကိုယ်တော် တော်လှန်ရေးအဖွဲ့ အစည်းတခုထံ အလင်းဝင်တယ်ဆိုတဲ့ အထောက်အထားမရှိပါဘူး။ “Myawaddy News” အမည်နဲ့ ယူကျူ့ ချန်နယ်ဟာ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေ ဖြန့်ချိလေ့ရှိတယ်။
ပြောဆိုချက်- စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လုပ်ရပ်တွေကို မကြိုက်လို့ ပေါက်ကိုယ်တော် အလင်းဝင်ပြီ

Title:Fact Check: စစ်တပ်အမာခံ ပေါက်ကိုယ်တော် အလင်းဝင်ဆိုတဲ့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတု
Fact Check By: နေရာမောင်Result: False