နေပြည်တော်ကို ၃ ရက်အတွင်း သိမ်းပိုက်မယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) က ကြေညာလိုက် တယ်ဆိုတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ကြည့်ရှူ့မှုများပြားလျှက်ရှိပါတယ်။ တကယ်တော့ စစ်တပ်ကြီးစိုးမှု မကြာခင်အဆုံးသတ်တော့မယ်လို့ NUG တာဝန်ရှိသူတဦးရဲ့ ပြောကြားချက်ကို ခေါင်းစဉ်တုဖြန့်ချိ နေခြင်းဖြစ်တယ်။

အောက်ပါစခရင်ရှော့ကတော့ “Burma Hot News”အမည်နဲ့ ယူကျူ့ချန်နယ်က စက်တင်ဘာ ၂၈ ရက်စွဲနဲ့ ဖြန့်ဝေထားတာ ဗွီဒီယိုက ရယူထားခြင်းဖြစ်တယ်။ ဗွီဒီယိုထဲမှာ “(၂၈) ရက် NUG D-Day ကြေညာလိုက်ပြီ နေပြည်တော်ကို ၃ ရက်အတွင်း သိမ်းမည်”စသည်ဖြင့် ရေးသားထားရာ ဗွီဒီယိုကို ကြည့်ရှု့မှုပေါင်း ၆၃၀၀၀ ကျော်ရှိပါတယ်။

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

“Burma Hot News” အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာအချို့မှာဖော်ပြပြီးနောက် ရေပန်းစားခဲ့တဲ့ သတင်းအချို့ကို ပြန်လည်ကူးယူးဖော်ပြပြီး နားလည်မှု လွဲစေနိုင်တဲ့ ခေါင်းစဉ်မှားတွေတပ်ပြီး ပြန်လည်ဖြန့်ဝေတဲ့ ယူကျူ့ချန်နယ် တွေဖြစ်တာတွေ့ရပါတယ်။ အခုလည်း ဗွီဒီယိုထဲမှာ “NUG D-Day ကြေညာလိုက်ပြီ နေပြည်တော်ကို ၃ ရက်အတွင်း သိမ်းမည်”လို့ ရေးသားထားပေမဲ့ ဗွီဒီယိုထဲမှာပါတဲ့အကြောင်းအရာဟာ လူထုနွေဦးသတင်းဌာနက စက်တင်ဘာ ၂၇ ရက်စွဲနဲ့ ဖော်ပြခဲ့တဲ့ စစ်တပ်ကြီးစိုးရေးဝါဒပြိုကျမှု မဝေးတော့သည့် ကာလမှာတွေ့ရတော့မယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေရဲ့ပြောကြားချက်နဲ့ အခြားသော တော်လှန်‌ရေးနဲ့ ပတ်သက်တဲ့ သတင်းတွေသာပါဝင်တယ်။

မကြာခင်ကာလမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ ထိုးစစ်တွေအရှိန်မြှင့်လာနိုင်တာကြောင့် အမြစ်ပြတ်ချေမှုန်းနိုင်တော့မှာဖြစ်တယ်လို့ ဦးမောင်မောင်ဆွေကပြောသွားပေမဲ့ အချိန်အကန့်အသတ်ကြောင်း ဖော်ပြချက်မရှိပါဘူး။ မူလသတင်းဖော်ပြချက်ကို ဒီလင့်ခ်မှာကြည့်ပါ။

၈ မိနစ်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲမှာ အခြားသောသတင်းတပုဒ်ကတော့ ရုရှားမှာကျင်းပတဲ့ မြန်မာ-ရုရှားပူးတွဲ အကြမ်းဖက်မှုတိုက်ဖျက်ရေးအစည်းအဝေးမှာ စစ်ကောင်စီက ဗိုလ်ချုပ်ကြီးမောင်မောင်အေးတက် ရောက်တဲ့အကြောင်းဖြစ်တယ်။

သုံးသပ်ချက်

သတင်းမီဒီယာတွေမှာဖော်ပြခဲ့တဲ့ ရေပန်းစားခဲ့တဲ့ သတင်းတွေကို ခေါင်းစဉ်လွဲတပ်ပြီး ဗွီဒီယိုကို ဖြန့်ချိ ထားခြင်းဖြစ်တယ်။ စစ်တပ်ကြီးစိုးရေးဝါဒပြိုကျမှု မဝေးတော့သည့်ကာလမှာတွေ့ရတော့မယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေရဲ့ ပြောကြားချက် သတင်းကို ပြန်လည်မျှဝေထားခြင်းသာဖြစ်တယ်။

ပြောဆိုချက်- နေပြည်တော်ကို ၃ ရက်အတွင်း သိမ်းပိုက်မယ်လို့ NUG ကြေညာ

Avatar

Title:Fact Check: နေပြည်တော်မှာ ၃ ရက်အတွင်းသိမ်းပိုက်မယ်လို့ NUG ကြေညာတဲ့ သတင်းခေါင်းစဉ်တု

Written By: နေရာမောင်

Result: Missing Context