Fact Check: KIA ကလက်စားချေတဲ့အနေနဲ့ ရဟတ်ယာဉ်ကိုပစ်ချ စစ်သား ၄၀၀ နီးပါးသေဆုံးဆိုတဲ့ သတင်းခေါင်းစဉ်တု

False နိုင်ငံရေး | Politics

အနုပညာရှင်နဲ့ ပြည်သူ(၆၀)သတ်ဖြတ်မှုကို လက်စားခြေတဲ့အနေနဲ့ ကချင်တပ်မတော်(KIA)မှ ရဟတ်ယာဉ်ကို ပစ်ချလိုက်ရာ စစ်သား ၄၀၀ နီးပါး သေဆုံးသွားတယ်လို့ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့ လျက်ရှိပါတယ်။ စစ်တပ်က KIA တပ်မဟာ ၉ ကို တိုက်လေယာဉ်နဲ့ပစ်ခတ်ခံရမှုသတင်းကို သတင်းခေါင်းစဉ်တု အသုံးပြုပြီးထင်ယောင်ထင်မှားဖြန့်ချိနေခြင်းဖြစ်ပါတယ်။

“ကချင်တပ်မတော်(KIA)မှသွေးကြွေးတောင်းလိုက်ပြီဗျို့။ #kia #kio #ကချင်”လို့ ရေးသားပြီး “MM New” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါအတိုင်းမျှဝေထားရာမှာ အောက်တိုဘာ ၂၄ ရက်ကမျှဝေထားရာမှာ  ၄ နာရီအတွင်း ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၄၀၀ ကျော်နဲ့ ဗွီဒီယိုကြည့်ရှု့မှုပေါင်း ၂ သိန်းဝန်းကျင်ရှိပါတယ်။ 

မူရင်းလင်ခ့် – FB linkArchive link

တူညီတဲ့မျှဝေမှုကို Youtube ရဲ့ ဒီလင့်ခ်မှာလည်းတွေ့ရပါတယ်။ 

ထို့အပြင် ဒီစာမျက်နှာကပဲ “KIO ကို ဗုံးကျဲ့လို့ အမေရိကန်ချက်ချင်း လက်စားချေပြီ”ဆိုပြီးဒီတူညီတဲ့သတင်းကို ဖြန့်ဝေခဲ့ပါသေးတယ်။ ဒီနေရာမှာတွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်

တကယ်တော့ ဗွီဒီယိုပါအကြောင်းအရာဟာ Khit Thit Media ယနေ့(အောက်တိုဘာ ၂၄ ရက်က)ဖော်ပြခဲ့တဲ့ “ဖားကန့် တေးဂီတ ဖျော်ဖြေပွဲကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် အနုပညာရှင်နှင့် ပြည်သူ ၅၀ ကျော်သေဆုံးမှုတွင် ကချင်နာမည်ကြီးအဆိုတော် Aurali ၊ အမျိုးသမီး အဆိုတော် Galau Yaw Lwi  အပါအဝင် ဂီတ သမားများ ပါဝင်”ဆိုတဲ့သတင်းကို ပြန်လည်ဖတ်ကြားနေခြင်းဖြစ်ပြီး KIA ကလေယာဉ်သို့မဟုတ် ရဟတ်ယာဉ်ကို ပစ်ချဆိုတဲ့အကြောင်းအရာမပါရှိပါဘူး။ 

https://www.facebook.com/khitthitnews/posts/pfbid0oyW4N8kvQanUyHWDWKNtkiSyjwu1qnQcyjG5upppeZeCd7HYaCkXZzvRyUALV29rl

KIO ၏ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်မဟာ ၉ နယ်မြေ ဖားကန့်မြို့မြောက်ဘက် ၁၀ မိုင်ခန့်အကွာ အနန့်ပါ ကျေးရွာမှာ KIO၏ ၆၂ နှစ်ပြည့်အကြို ဂီတဖျော်ဖြေပွဲ ပြုလုပ်နေစဉ် အောက်တိုဘာ ၂၃ ညပိုင်းက မြန်မာစစ်တပ်က ဗုံးကြဲတိုက်ခိုက်မှုမှာ လူသေဆုံး၊ ထိခိုက်မှုစွာရှိခဲ့ပြီး အတိအကျ မသိရသော်လည်း သေဆုံး၊ ဒဏ်ရာရသူဦးရေ ၁၀၀ကျော်တယ်လို့ KIA နှင့်နီးစပ်သူများထံ မွန်းလွဲ ၂နာရီခွဲအချိန်က ပြောကြားခဲ့ကြောင်း Myanmar Now ကရေးသားပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူကိုလည်း ဆက်သွယ်မေးမြန်းထားတာလည်းတွေ့ရပါတယ်။ KIA ကလက်တုန့်ပြန်တဲ့အကြောင်းမပါဝင်ပါဘူး။

သုံးသပ်ချက်

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်မဟာ ၉ နယ်မြေမှာ ဖျော်ဖြေပွဲတစ်ခုကို မြန်မာစစ်တပ်က ဗုံးလာ ကြဲတာကြောင့် KIA/KIO စစ်ဘက်အရပ်ဘက်တာဝန်ရှိသူတွေအပြင် အနုပညာရှင်နဲ့ အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးမှုသတင်းဟာ ဒီကနေ့ သတင်းမီဒီယာတွေမှာ ပျံ့နှံ့မှုအားကောင်းခဲ့တဲ့သတင်းဖြစ်ပါတယ်။ ဖေ့စ်ဘွတ်မှာပျံ့နှံ့မှုအားကောင်းခဲ့တဲ့ သတင်းတွေကို ကူးယူပြီး ဗွီဒီယိုပုံစံပြောင်းလဲ ခေါင်းစဉ်တုတွေနဲ့ လူတွေကို ဆွဲဆောင်ပြီး Youtube မှာဝင်ငွေရှာနေတဲ့လုပ်ငန်းတစ်ခုက ဖော်ပြနေခြင်းဖြစ်ပါတယ်။ KIA က ရဟတ်ယာဉ် သို့မဟုတ် လေယာဉ်ကို ပစ်ချခဲ့ခြင်းမရှိသလို စစ်သား ၄၀၀ ကျော်သေဆုံးမှုဆိုတာကလည်း အထောက်အထားမရှိပါဘူး။

Avatar

Title:Fact Check: KIA ကလက်စားချေတဲ့အနေနဲ့ ရဟတ်ယာဉ်ကိုပစ်ချ စစ်သား ၄၀၀ နီးပါးသေဆုံးဆိုတဲ့ သတင်းခေါင်းစဉ်တု

Fact Check By: Zun Zee 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *