
ကုလသမဂ္ဂက ဖမ်းဝရမ်းထုတ်လိုက်ပြီးနောက် အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ရုရှားကို ထွက်ပြေးပြီလို့ဆိုတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ဖြန့်ဝေနေတာတွေ့ရပါတယ်။ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။
ဒီဇင်ဘာ ၁၃ ရက်မှာ စတင်ဖြန့်ဝေထားပြီး ပျံ့နှံ့မှုအားကောင်းနေဆဲ ဗွီဒီယိုပို့စ်ပါ စာသားကောက်နုတ်ချက်နဲ့ ပို့စ်စခရင်ရှော့ကို အောက်မှာ ကြည့်ပါ။ အလားတူတဲ့ မျှဝေမှုတွေကို ဒီနေရာမှာလည်းတွေ့ရတယ်။
“၁၃ရက်နေ့
စစ်အရာရှိတွေပြေးကုန်ပြီ
(၇၂)နာရီအတွင်း တပ်ချုပ်ကိုဖမ်းရန်
ကုလထုတ်တဲ့အမိန့်ကြောင့်
မအလ ရရှားတန်းပြေးပြီး/မဲလုံးအတည်ပြု”
မူရင်းလင်ခ့် – Youtube link | Archive link
အချက်အလက်စိစစ်ချက်
အခု ဗွီဒီယိုအစမှာ ပြသတဲ့ ရုပ်ကတ်ထဲမှာ ကုလသမဂ္ဂက ဖမ်းဝရမ်းထုတ်လိုက်ပြီးနောက် အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ရုရှားကို ထွက်ပြေးပြီလို့ဆိုထားပေမဲ့ ဒီအကြောင်းကို သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာဖော်ပြချက်မတွေ့ရပါဘူး။
“Share Local Media”ဟာ မီဒီယာတွေမှာဖော်ပြခဲ့တဲ့ သတင်းတွေကို သတင်း ခေါင်းစဉ်တုတပ်ဖြန့်ချိတဲ့ နေရာဖြစ်တယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာ ကြည့်ပါ။
Also read – Fact Check: ၁ ရက်အတွင်း အာဏာမလွှဲပေးရင် တရုတ်ပိုက်လိုင်းကို ဖောက်ခွဲမယ်လို့ AA ကို ကြေညာဆိုတဲ့ သတင်းတု
ဒီအပြင် အခု ဗွီဒီယိုထဲမှာ အဓိက ဖော်ပြထားတဲ့အကြောင်းအရာဟာ “မြန်မာမှာ အကြမ်းဖက်မှုတွေ တိုးလာတာကို ကုလအကြီးအကဲ အလွန်အမင်း စိုးရိမ်”ဆိုတဲ့ ဒီဇင်ဘာ ၁၃ ရက်မှာ ဧရာဝတီတိုင်းမ် သတင်းဌာနက ဖော်ပြခဲ့တဲ့ သတင်းကို ပြန်လည်ဖော်ပြထားသလို ရန်ကုန်ခေတ်သစ်သတင်းဌာနက ဖော်ပြခဲ့တဲ့ “ရွှေဘိုတွင် စစ်တပ်စခန်းချထားသော ပလိုင်းပျူစောထီးရွာကို ဒရုန်းဖြင့် ဗုံးကျဲ၊ ချောင်းဦး၊ ကံကြီးကုန်းရွာ ပျူစောထီးစခန်းသို့ ရိက္ခာပို့လာသော စစ်သင်္ဘော ၂ စီးကိုလည်း ပစ်ခတ်တိုက်ခိုက်”၊ လူထုနွေဦးသတင်းဌာနက ဖော်ပြခဲ့တဲ “ရန်ကုန် – မန္တလေး အမြန်လမ်းမှာတိုက်ပွဲဖြစ်ပွားခဲ့”ဆိုတဲ့ သတင်းတွေကိုသာ ပြန်လည်ဖတ်ကြားနေခြင်းဖြစ်တယ်။
သုံးသပ်ချက်
“Share Local Media”ဟာ မီဒီယာတွေမှာဖော်ပြခဲ့တဲ့ သတင်းတွေကို သတင်း ခေါင်းစဉ်တုတပ်ဖြန့်ဝေမှုတွေ ပြုလုပ်တဲ့နေရာတခုဖြစ်တယ်။ ကုလသမဂ္ဂက ဖမ်းဝရမ်းထုတ်လိုက်ပြီးနောက် အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ရုရှားကို ထွက်ပြေးပြီဆိုတာ မဟုတ်ပါဘူး။

Title:Fact Check: စစ်ခေါင်းဆောင် ရုရှားကို ထွက်ပြေးပြီဆိုတဲ့ သတင်းတု
Written By: နေရာမောင်Result: Misleading