သခွပ်ပင်အခေါက်စားတာအစ၊ ကျီးအာသီးဥစားတာအလယ်၊ အာတာလွတ် ဥစားခြင်းအဆုံး မြွေကိုက်ခံရရင် ကုသမှုနည်းလမ်းအဖြစ် မျှဝေထားတဲ့ ပို့စ်တွေ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ကြိမ်ဖန်များစွာ ပျံ့နှံ့မှုအား ကောင်းခဲ့ပါတယ်။ တကယ်တော့ ဒီနည်းလမ်းတွေဟာ သိပ္ပံနည်းကျ သုတေသနပြုချက်တွေ မဟုတ်သလို ထိရောက်မှုရှိတယ်ဆိုတဲ့ အထောက်အထားလည်းမတွေ့ရပါဘူး။

အောက်ပါစခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ပို့စ်က ရယူထားခြင်းဖြစ်တယ်။ လင့်ခ်ကိုဝင်ရောက် ဖတ်ကြည့်မယ်ဆိုရင်တော့ အာတာလွတ်ဥ သို့မဟုတ် အပင်ကို ဝါးစားခြင်းအားဖြင့် ပိုးထိ(မြွေကိုက်)လူနာကို အကောင်းပကတိအတိုင်းဖြစ်စေကြောင်းရေးသားထားတာဖြစ်တယ်။

မူရင်းလင်ခ့် – Fb link | Archive link

အခြား ပြောဆိုချက်ကတော့ မြွေပွေး၊မြွေဟောက်ကိုက်ခံရပါက သခွပ်ပင်အ‌ခေါက်ကို ဝါးစားခြင်းအားဖြင့် ပျောက်ကင်းတယ်ဆိုပြီးတော့ဖြစ်တယ်။ ဒီနေရာမှာ ကြည့်ပါ။

ထို့အပြင် ကျီးအာသီးပင်က မြွေဆိပ်ပြေစေနိုင်တယ်ဆိုပြီးတော့လည်း ဖြန့်ဝေခဲ့တာရှိပါတယ်။ ဒီနေရာမှာကြည့်ပါ။

အချက်အလက်စိစစ်ချက်

တကယ်တော့ အထက်ပါပြောဆိုချက်အားလုံးဟာ သိပ္ပံနည်းကျအထောက်အထားမရှိပါဘူး။ ၂၀၁၉ ခုနှစ်ထဲမှာ ဆေးသုတေသန ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဒေါက်တာဝင်းအောင်ရေးသားတဲ့ “မြွေဆိပ် သင့်ခြင်းနှင့် ဆေးဖက်ဝင်အပင်များ၏ အခန်းကဏ္ဍ”ဆောင်းပါးမှာ မြန်မာနိုင်ငံမှာ ဆေးမီးတို အနေနဲ့ အပင်အမျိုးမျိုးကို အသုံးပြုပြီး မြွေဆိပ်ဖြေနည်းအဖြစ် ကုသကြပေမဲ့ သိပ္ပံနည်းကျ သုတေသန မရှိတာကို သတိပြုဖို့လိုကြောင်း သိပေးရေးသားပါတယ်။

ကမ္ဘာပေါ်မှာ အခြားသော နှလုံးရောဂါ၊ ဆီးချိုရောဂါနဲ့ ငှက်ဖျားစတဲ့ ရောဂါလိုမျိုး ရောဂါတွေအတွက် ဆေးဘက်ဝင်အပင်တွေကနေ စီးပွားဖြစ် ရောဂါကုသဆေးအဖြစ် ထုတ်လုပ်ရောင်းချမှုတွေရှိပေမဲ့ မြွေကိုက်ခံရမှု၊ မြွေဆိပ်သင့်ခြင်းအတွက် ကုသတဲ့ ဆေးဖက်ဝင်အပင်မှ ထုတ်လုပ်တဲ့ဆေးဆိုပြီး ဆေးဝါးကုမ္ပဏီက တရားဝင်ထုတ်လုပ်၊ ဈေးကွက်မှာ ရောင်းချခြင်း ယနေ့အထိမရှိသေးကြောင်းလည်း ဒီဆောင်းပါးမှာ ဒေါက်တာဝင်းအောင်က ရေးသားပါတယ်။ အပြည့်အစုံကို အောက်ပါလင့်ခ်မှာ ကြည့်ပါ။

မူရင်းလင်ခ့် – MDN| Archive link

၂၀၁၄ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း ဆေးရုံစာရင်းဇယားတွေအရ နှစ်စဉ်လူဦးရေ ၉၀ဝ၀ ခန့် မြွေကိုက်ခံရပြီး အကိုက်ခံရသူ ၆၀ဝ ခန့်(၇ ရာခိုင်နှုန်းခန့်) မှာ အသက်ဆုံးရှုံးရကြောင်းနဲ့ မြွေကိုက်ခံရတိုင်း အဆိပ်သင့်ပြီး အသက်အန္တရာယ်ရှိတယ်လို့ မဟုတ်ကြောင်းနဲ့ မြွေတိုင်း အဆိပ်ရှိတာမျိုးမဟုတ်ကြောင်းလည်း ဒီဆောင်းပါးမှာရေးသားပါတယ်။

ဒီလိုပဲ မြွေကိုက်ရင် လုပ်ဆောင်နေတဲ့ တိုင်းရင်းဆေးအပါအဝင် ဆေးမီးတိုတွေက မြွေဆိပ်ဖြေနိုင်တယ်ဆိုတဲ့ အထောက်အထားမရှိကြောင်း ရန်ကုန်တိုင်း ဒုတိယတိုင်းကျန်းမာရေးဉီးစီးဌာနမှူး ဒေါက်တာမျိုးသန့်က Fact Crescendo Myanmar က ၂၀၂၀ ခုနှစ်ထဲမှာဖြေကြားဖူးပါတယ်။ မြွေကိုက်ခံရရင် အကောင်းဆုံးကတော့ နီးစပ်ရာ ဆေးရုံဆေးခန်းကို အမြန်ရောက်အောင်သွားဖို့ဖြစ်ပြီး မြွေဆိပ်တက်နေသူအတွက် မြွေဆိပ်ဖြေဆေးဟာ အကောင်းဆုံး ကုသမှုနည်းလည်းဖြစ်တယ်လို့ သူက ပြောပါတယ်။ ဒီလင့်ခ်မှာကြည့်ပါ။

အခြားသော ကျန်းမာရေးအသိပညာရေးဝက်ဘ်တွေမှာလည်း မြွေကိုက်ခံရတဲ့ လူနာအတွက် အကောင်းဆုံး နည်းလမ်းအဖြစ် ဆေးရုံ၊ဆေးခန်းကို အမြန်သွားဖို့နဲ့ အဆိပ်ပျံ့နှံ့မှုနည်းစေဖို့အတွက် လူနာကို တတ်နိုင်သမျှ ငြိမ်ငြိမ်ထားဖို့စသဖြင့် အကြံပြုပါတယ်။ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ ကြည့်ပါ။

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ မြွေကိုက်လူနာကို ကုသနိုင်တဲ့ နည်းလမ်းအဖြစ်လည်းကောင်း၊ မြွေဆိပ် ဖြေနိုင်တဲ့ ဆေးဘက်ဝင်အဖြစ်တွေအဖြစ်လည်းကောင်း မျှဝေထားတဲ့ သခွပ်ပင်အခေါက်စားတာ၊ ကျီးအာသီးပင် အမြစ်တူးယူစားတာ၊ အာတာလွတ် ဥစားတာစတဲ့ လုပ်ဆောင်ချက်တွေဟာ မြွေဆိပ်ဖြေနိုင်တယ်ဆိုတဲ့ အထောက်အထားမရှိဘဲ ယုံတမ်းစကားတွေသာဖြစ်တယ်။ မြွေဆိပ်သင့်ပြီး အသက်အန္တရာယ်ဆုံးရှုံမှုကို ကာကွယ်နိုင်တဲ့ စိတ်ချရတဲ့ နည်းလမ်းကတော့ နီးစပ်ရာဆေးရုံ၊ဆေးခန်းကို အမြန်ဆုံးသွားရောက်ဖို့နဲ့ လိုအပ်ပါက မြွေဆိပ်ဖြေဆေးထိုးဖို့ဖြစ်ပါတယ်။

Avatar

Title:Fact Check: မြွေကိုက်ခံရရင် သဘာဝအပင်တွေအသုံးပြုကာ ဆေးမီးတို ကုသနိုင်တယ် ဆိုတာ လုံလောက်တဲ့ အထောက်အထားမရှိပါ

Written By: နေရာမောင်

Result: Misleading