
ရေခဲသေတ္တာငယ် ၆၇၀ ကို လှူဒါန်းသွားမှာဖြစ်တဲ့အတွက် မိမိကြိုက်တဲ့အရောင်ကို မှတ်ချက်ရေးပြီး ဒီအစီအစဉ်မှ ပါဝင်နိုင်တယ်ဆိုတဲ့ “Coca-Cola FANS”အမည်နဲ့ စာမျက်နှာက ပို့စ်တစ်ခုကို ဖေ့စ်ဘွတ်အသုံးပြုသူထောင် ပေါင်းများစွာကမျှဝေလျက်ရှိပါတယ်။ ကိုကာကိုလာကုမ္ပဏီအယောင်ဆောင်ထားတဲ့ အတုအယောင် စာမျက်နှာသာဖြစ်ပါတယ်။
“#အသေးအမွှား ခြစ်ရာများကြောင့် မရောင်းချနိုင်သော ရေခဲသေတ္တာငယ် ၆၇၀ ကို လှူဒါန်းသွားမည်ဖြစ်ကြောင်း ဝမ်းမြောက်စွာ အသိပေးအပ်ပါသည်။ ဒါကြောင့် သူတို့ကြိုက်တဲ့အရောင်ရေးတဲ့သူကို ကျပန်းပို့ပေးပါတယ်။ ဥပမာ “အနီရောင်”။”လို့ရေးသားပြီး ဒီဖေ့စ်ဘွတ်ဖေ့စ်ဘွတ်စာမျက်နှာက ပို့စ်တစ်ခုကိုမျှဝေထားရာမှာ ၁၀ နာရီအတွင်း ပြန်လည်မျှဝေမှုပေါင်း တစ်သောင်းဝန်းကျင်ရှိပါတယ်။

မူရင်းလင်ခ့် – FB link | Archive link
အချက်အလက်စိစစ်ချက်
“Coca-Cola FANS”အမည်နဲ့ စာမျက်နှာက မှတ်ချက်အချို့ကိုလေ့လာကြည့်ရင် ဒီစာမျက်နှာက အတုအယောင် စာမျက်နှာဖြစ်ပြီး လိမ်လည်လှည့်စားဖို့လုပ်ထားတဲ့ စာမျက်နှာဖြစ်တာသိသာပါတယ်။ ယခုပို့စ်ကလွဲလို့ အခြားသောကုမ္ပဏီနဲ့ပတ်သက်တဲ့ဖော်ပြချက်တစ်စုံတစ်ရာမတွေ့ရပါဘူး။ စာမျက်နှာကလည်း ၂၀၂၂ ခုနှစ် မတ် ၂၆ ရက်ကမှ စတင်တည်ထောင်ခဲ့တာတွေ့ရပါတယ်။

ဒီလိုပဲ ဒီစာမျက်နှာက မှတ်ချက်ပေးသူတွေကို Sign Up လုပ်ပြီး စာရင်းပေးဖို့ ပြောဆိုခဲ့တာတွေ့ရပါတယ်။ တကယ်တော့ ဒီ Sign Up ခလုတ်နှိပ်လိုက်ရင် လူတိုင်းဝက်ဆိုဒ်စာမျက်နှာတစ်ခုကို အလွယ်တကူဖန်တီးနိုင်းတဲ့ sites.google.com ရောက်သွားတာတွေ့ရပါတယ်။ ကိုကာကိုလာတံဆိပ်ရေခဲသေတ္တာပုံ ၂ ပုံပြောင်းလဲနေတဲ့ ဒီစာမျက်အောက်ခြေနားမှာ subscribe ဆိုတဲ့ ခလုတ်တစ်ခုကို ထပ်မံတွေ့ရပြီး ဒီ subscribeကိုနှိပ်လိုက်မယ် ဆိုရင် ဗွီဒီယိုတစ်ခု တစ်လေမျှမရှိတဲ့ Youtube channel အသစ်တစ်ခုကိုရောက်ရှိသွားပါတယ်။

Coca-Cola အမှတ်တံဆိပ်ကိုအသုံးပြုပြီး အခုလို ကံစမ်းမဲအစီအစဉ် သို့မဟုတ် လက်ဆောင်ပေးတဲ့ အစီအစဉ် ဆိုပြီးတော့မကြာခဏဖေ့စ်ဘွတ်မှာပို့စ်တင်ပြီး ဖေ့စ်ဘွတ်အသုံးပြုသူတွေကို လိမ်လည်လှည့်စားနေတာတွေ့ ရပါတယ်။ Coca-Cola Myanmar က ကုမ္ပဏီအမည်နဲ့ အမှတ်တံဆိပ်တွေကို ခွင့်ပြုချင်မရှိဘဲ အသုံးပြု လုပ်ဆောင်နေခြင်းဖြစ်ပြီး လိမ်လည်နေခြင်းဖြစ်ကြောင်းနဲ့ သူတို့နဲ့ သက်ဆိုင်ခြင်းမရှိကြောင်း၂၀၂၂ ခုနှစ် မတ် ၂၇ ရက်ကတည်း ထုတ်ပြန်ထားတာတွေ့ရပါတယ်။ ဒီထုတ်ပြန်ချက်မှာ သူတို့ရဲ့ CocaColaMyanmar ဆိုတဲ့ တရားဝင်ဖေ့စ်ဘွတ်နဲ့ linkedin စာမျက်နှာ ၂ ခုသာရှိကြောင်းလည်းဖော်ပြထားပါတယ်။
“ကျွန်ုပ်တို့၏ အမည်ကိုအသုံးချ၍ Facebook page အတုပြုလုပ်ကာ Coca-Cola နှစ်၁၃၀ ပြည့် နှစ်ပတ်လည်အထူးအစီအစဉ်အဖြစ် post တစ်ခုအား comment and share ပြုလုပ်သူများကို Coca-Cola ထုတ်ကုန် ၂၄ ကတ် လက်ဆောင်ပေးမည်ဟု လိမ်လည်လျက်ရှိသည်ကို သိရှိရပါသည်။
ယင်း page နှင့် post သည် Coca-Cola Myanmar နှင့် မည်သို့မျှသက်ဆိုင်ခြင်းမရှိကြောင်းနှင့် ကျွန်ုပ်တို့ကုမ္ပဏီအမည်နှင့် အမှတ်တံဆိပ်များအား ခွင့်ပြုချက်မရှိဘဲအသုံးပြုထားခြင်းဖြစ်ကြောင်း အသိပေးလိုပါသည်။
Coca-Cola Myanmar နှင့်သက်ဆိုင်သည့် တရားဝင် Social media page များမှာ အောက်ပါအတိုင်း သာဖြစ်ပါသည်။
Facebook https://www.facebook.com/CocaColaMyanmar/
LinkedIn https://www.linkedin.com/company/coca-cola-pinya-beverages-myanmar-ltd”

မူရင်းလင်ခ့် – Coca Cola Myanmar | Archive link
သုံးသပ်ချက်
“Coca-Cola FANS”အမည်နဲ့ စာမျက်နှာဟာ လူတွေကို လှည့်စားထားတဲ့ ကိုကာကိုလာကုမ္ပဏီနဲ့ သက်ဆိုင်ခြင်း မရှိတဲ့ အတုအယောင်စာမျက်နှာသာဖြစ်ပါတယ်။ ရေခဲသေတ္တာတွေကို ကံစမ်းမဲနှိုက်ပေးမယ်ဆိုတာဟာ လူတွေ ကိုမျှော်လင့်ချက်ပေးပြီး လှည့်စားနေခြင်းဖြစ်ပါတယ်။

Title:Fact Check: ကိုကာကိုလာက ရေခဲသေတ္တာတွေလက်ဆောင်ပေးနေပြီဆိုတဲ့ အတုအယောင်စာမျက်နှာ
Fact Check By: Nayar MaungResult: False