Fact Check: ဧပြီ ဒုတိယပတ်က ဒူဘိုင်းမှာ မုန်တိုင်းထန်ပြီး ရေကြီးနေပုံလား-မဟုတ်ပါ 

False နိုင်ငံတကာ၊ | International

ဒူဘိုင်းမှာ မုန်တိုင်းထန်ပြီး မိုးကြီးနေပုံလို့ဆိုပြီး ဗွီဒီယိုတခု ဖေ့စ်ဘွတ်နဲ့ ပျံ့နှံ့ခဲ့တာဟာ သတင်းမှားတခုသာ ဖြစ်တယ်။ ဧပြီ ၁၆ ရက်က ဒူဘိုင်းမှာ မုန်တိုင်းထန်ပြီး မိုးသည်းထန်စွာရွာသွန်းမှုနဲ့အတူ အခုလို ဗွီဒီယိုတွေ ပျံ့နှံ့လာတာဖြစ်တယ်။ ဒါပေမဲ့  ၁မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲ အစိတ်အပိုင်းအတော်များများဟာ ဧပြီ ၁၆ ရက်က ဒူဘိုင်းမှာဖြစ်ပွားခဲ့တဲ့ မိုးလေဝသဖြစ်စဉ်တွေနဲ့ သက်ဆိုင်ခြင်းမရှိပါဘူး။

အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုကို ရယူထားခြင်းဖြစ်တယ်။ တူညီတဲ့ရေးသားမျှဝေမှုကို  ဒီနေရာမှာလည်း တွေ့ရပါတယ်။ 

“မနေ့က… အရမ်းကြမ်းတဲ့…ဒူဘိုင်း က..လေနဲ့မိုး…😱 ဒီနေ့.. လေမိုးအလွန် ပျက်စီးဆုံးရှုံးမှုများ..😌😌😌”

မူရင်းလင်ခ့် – Fb link | Archive link

အချက်အလက်စိစစ်ချက်

၁ မိနစ်ကျော်ရှည်လျားတဲ့ ဗွီဒီယိုတွေကို Google မှာ အဓိကကျတဲ့ မြင်ကွင်းတွေကို ထောက်ပြီး ရှာကြည့်ရမှာ  အနည်းဆုံး အကြောင်းအရာအသီးသီးနဲ့ ပျံ့နှံ့ခဲ့တဲ့ ဗွီဒီယို ၄ ခုထက်မနည်းကို ပေါင်းစပ်ထားတာတွေ့ရပါတယ်။ 

ပထမ ၃ စက္ကန့်နဲ့ ၁၂ စက္ကန့်ကနေ ၁၄ စက္ကန့်ကြားက ဗွီဒီယိုအစိတ်အပိုင်းကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၁ ရက်က “disaster2884”အမည်နဲ့ တစ်တော့(tiktok)အကောင့်မှာ မျှဝေထားတာတွေ့ရပါတယ်။ အောက်ပါ စခရင်ရှော့ကို ကြည့်ပါ။

နောက်ထပ် လေပြင်းတိုက်ပြီး သစ်ပင်ပြိုလဲကျတဲ့ ဗွီဒီယိုကို ဘရာဇီးနိုင်ငံက သတင်းဌာနဝက်ဘ်ဆိုဒ်တခုမှာ ၂၀၂၃ ခုနှစ်၊ဇန်နဝါရီ ၄ ရက်ကဖော်ပြထားတာတွေ့ရပါတယ်။ Google Translate အသုံးပြုပြီး မူလ ပေါ်တူဂီ ဘာသာ ကနေ အင်္ဂလိပ်ဘာသာကို ပြန်ဆိုကြည့်ရာမှာ ဘရာဇီးနိုင်ငံ ဇိုနာဒမ္မတာ‌‌‌(Zona DA  Mata) ဒေသ ဘီကာ(Bicas)မြို့မှာ လေပြင်းတိုက်ပြီး သစ်ပင်ပြိုလဲခဲ့စဉ်က မြင်ကွင်းဖြစ်တယ်။

ဗွီဒီယိုရဲ့ စက္ကန့် ၃၀ ကနေ ၃၆ စက္ကန့်အထိ ဗွီဒီယိုအစိတ်အပိုင်းဟာ အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်မှာ ဖြစ်ပေါ်ခဲ့တဲ့ လေဆင်နှာမောင်း(tornado)အဖြစ် “”disaster349” အမည်နဲ့ တစ်တော့အကောင့်မှာ မတ် ၇ ရက်နေ့က တင်ထားတာတွေ့ရပါတယ်။

နောက်ထပ် ဗွီဒီယိုရဲ့၃၇ စက္ကန့်က အစိတ်အပိုင်းဟာလည်း ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်မှာ တစ်တော့ အကောင့်တခုဖြစ်တဲ့ “rtsarovvideo”မှာ တင်ထားတာတွေ့ရပါတယ်။ ဒီချန်နယ်ဟာ ဒီဂျစ်တယ် နည်းလမ်းနဲ့ ဆော့ဖ်ဝဲလ်တွေကို အသုံးပြုပြီး စိတ်ကူးယဉ်ဖန်တီးမှုတွေလုပ်တာလည်းတွေ့ရပါတယ်။ 

သုံးသပ်ချက်

ဧပြီ ၁၆ ရက်က ဒူဘိုင်းမှာ မုန်တိုင်းထန်ပြီး မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ရေကြီးရေလျှံခဲ့တာရှိပေမဲ့  အခုလို ပျံ့နှံ့လာတဲ့ ၁မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲ အစိတ်အပိုင်းအတော်များများဟာ ဧပြီ ၁၆ ရက်က ဒူဘိုင်းမှာ  ဖြစ်ပွားခဲ့တဲ့ မိုးလေဝသဖြစ်စဉ်တွေနဲ့ သက်ဆိုင်ခြင်းမရှိတာတွေ့ရပါတယ်။

ပြောဆိုချက်- ဒူဘိုင်းမှာ မုန်တိုင်းထန်ပြီး မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ရေကြီးရေလျှံခဲ့တဲ့ မြင်ကွင်းများ

Avatar

Title:Fact Check: ဧပြီ ဒုတိယပတ်က ဒူဘိုင်းမှာ မုန်တိုင်းထန်ပြီး ရေကြီးနေပုံလား-မဟုတ်ပါ

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *