စစ်ကိုင်းမှာ စစ်ယာဉ်တန်းတိုက်ခိုက်ခံရမှု ဗိုလ်ချုပ်ဇော်မင်းထွန်း သေဆုံးတယ်ဆိုတဲ့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားပို့စ်တစ်ခု ယူကျူ့အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။

အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ အလားတူတဲ့ရေးသားမျှဝေမှုကို ယူကျူ့ရဲ့ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။

“ဗိုလ်ချုပ် ဇော်မင်းထွန်း နာရေးသတင်း မဲလုံး မိုင်းခွဲ လုပ်ကြံခံရ သေပြီ ကျန်ဗိုလ်ချုပ်တွေလည်း ကြောက်ပြီး နှုတ်ထွက်ဖို့လုပ်နေကြပြီ”

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

တကယ်တမ်း ဗွီဒီယိုတွေပါသတင်းဟာ မဇ္ဈိမသတင်းဌာနကဖော်ပြခဲ့တဲ့ စစ်ကောင်စီရဲ့ ပြန်ကြားရေး ဒုတိယ ဝန်ကြီး လိုက်ပါလာတဲ့ ယာဉ်တန်း စစ်ကိုင်းမှာ တိုက်ခိုက်ခံရတဲ့ သတင်းကို ပြန်လည်ဖတ်ကြားနေခြင်းဖြစ်တယ်။ မူရင်းသတင်းဖော်ပြချက်ကို ဒီလင့်ခ်မှာ ကြည့်ပါ။ ဒီသတင်းထဲမှာ တိုက်ခိုက်ခံရတဲ့ ယာဉ်တန်းမှာ ဗိုလ်ချုပ် ဇော်မင်းထွန်းပါတယ်လို့ သတင်းထွက်နေတဲ့အကြောင်းသာဖော်ပြပါတယ်။ Non-CDM ဝန်ထမ်းတယောက် သေဆုံးတဲ့ အကြောင်းဖော်ပြပေမဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်းသေဆုံးတဲ့အကြောင်း ဖော်ပြခြင်းမရှိပါဘူး။

People’s Spring သတင်းဌာနကတော ကနဦးက တိုက်ခိုက်ခံရတဲ့ ယာဉ်တန်းမှာ စစ်ကောင်စီ ပြောခွင့်ရ ပုဂ္ဂိုလ်နဲ့ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းပါကြောင်းဖော်ပြပေမဲ့ ဒီသတင်းရဲ့နောက်ဆက်တွဲသတင်း အဖြစ် ပြန်လည်ဖော်ပြရာမှာ တိုက်ခိုက်ခံရတဲ့ ယာဉ်တန်းမှာ ပြန်ကြားရေး ဒု-ဝန်ကြီး ဦးရဲတင့်ပါဝင်ပြီး ဗိုလ်ချုပ် ဇော်မင်းထွန်း မပါဝင်ကြောင်းပြန်လည်ဖော်ပြပါတယ်။ ဒီလင့်ခ်မှာ ကြည့်ပါ။

သုံးသပ်ချက်

စစ်ကိုင်းမှာ ဗိုလ်ချုပ်ဇော်မင်းထွန်းပါလာတဲ့ စစ်ယာဉ်တန်းတိုက်ခိုက်ခံရတယ်လို့ ကနဦး သတင်းထွက်ခဲ့ပေမဲ့ တကယ်တမ်းမှာ စစ်ကိုင်းဝန်ကြီးချုပ်နဲ့ ပြန်ကြားရေး ဒု-ဝန်ကြီးနောက်တယောက်သာပါဝင်ပါတယ်။ မူလသတင်းဖော်ပြချက်တွေမှာ ဒီလို ဒု-ဝန်ကြီးသေဆုံးတယ်ဆိုတဲ့ အကြောင်းမပါဝင်ဘဲ သတင်းခေါင်းစဉ်ကို လိုအပ်သလို ချဲ့ကားရေးသားထားတဲ့ သတင်းမှားတခုသာဖြစ်တယ်။

ပြောဆိုချက်- စစ်ကိုင်းမှာ စစ်ယာဉ်တန်းတိုက်ခိုက်ခံရမှုမှာ ဗိုလ်ချုပ်ဇော်မင်းထွန်း သေဆုံး

Avatar

Title:Fact Check: စစ်ကိုင်းမှာ စစ်ယာဉ်တန်းတိုက်ခိုက်ခံရမှု ဗိုလ်ချုပ်ဇော်မင်းထွန်း သေဆုံးဆိုတဲ့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှား

Fact Check By: နေရာမောင်

Result: Misleading