Fact Check: NLDက တပ်မတော်ကို ICJမှာ တိုင်ကြားထားပြီး UNတပ်တွေနဲ့ တပ်မတော်ကို တိုက်ဖို့လုပ်နေတယ်ဆိုတဲ့ သတင်းအမှား

Misleading နိုင်ငံရေး | Politics

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDပါတီက ပြည်တွင်းရေးပြဿနာတွေကို ကမ္ဘာကသိအောင် လုပ်ဆောင်ကာ တပ်မတော်ကို အပြည်ပြည်ဆိုင်ရာတရားရုံးကို တိုင်တန်းထားပြီး ကုလသမဂ္ဂတပ်တွေနဲ့ တပ်မတော်ကိုတိုက်ဖို့ စီစဉ်နေတယ်ဆိုတဲ့အချက်အပါဝင် အချက်အလက်မခိုင်မာတဲ့အချက်အမြောက်အများကို အခြေပြုပြီး တပ်မတော်ထေက်ခံသူအချင်ချင်းကြား လှုံဆော်ဟန်နဲ့ရေးသားထားတဲ့ပို့စ်တစ်ခုဟာ လူမှုကွန်ယက် အသုံးပြုသူတွေကြား ပျံ့နှံ့လျက်ရှိတာတွေ့ရပါတယ်။

ဒီပို့စ်မှာ “မိုက်ရိုင်းလိုက်တဲ့ NLD”လို့ ခေါင်းစဉ်တပ်ထားပြီး “ခုပဲ သိရလို့ သိသိခြင်း မျှဝေလိုက်ရပါသည်။ ဒါ့ကြောင့် အချိန်ဆွဲနေမှန်း ခုမှသိတော့တယ် …၁။ မဲလိမ်လည်မှု မပေါ်ပေါက်ရအောင် လူသုံးယောက်ကို အစဖျောက်ထား လိုက်တယ် -၂။ နိုင်ငံတော်ပိုင်ငွေကြေး ဘီလျံရာကျော်ကို အလွဲသုံးစားလုပ်ထားတာ မပေါ်ပေါက်အောင် ကိုဗစ်နဲ့ ဖုံးကွယ်နေတယ် -၃။ နိုင်ငံတော်အာဏာကို အတင်းအဓမ္မရယူရန် နည်းမျိုးစုံဖြင့် ကြိုးစားနေတယ် ၄။ ပြည်တွင်းရေးပြသနာကို ကမ္ဘာသိအောင်ချပြပြီး သူ့ကိုမြန်မာ့တပ်မတော်က နည်းမျိုးစုံဖြင့် တိုက်ခိုက်နေတယ်လို့ အပြည်ပြည်ဆိုင်ရာ တရားရုံးသို့ တိုင်တန်းထားတယ် -၅။ ပြည်ပတရားသူကြီးတွေနဲ့ အကြံပေးတွေကို ငှါးရမ်းပြီး 

တပ်မတော်နဲ့ ပြည်ခိုင်ဖြိုးပါတီကို တရားဆွဲဖို့လုပ်နေတယ် -၆။ အခြေနေမကောင်းရင် UNတပ်တွေကိုခေါ်ပြီး တပ်မတော်ကို တိုက်ဖို့ အစီအစဉ်တွေ ဆွဲထားတယ် -၇။ အာဆီယံနိုင်ငံအဖွဲ့ဝင်ထားတာဖြစ်လို့ နိုင်ငံရေး ခေါင်းစဉ်မတပ်ပဲ ရခိုင်ပြည်နယ်ရဲ့ လူမျိုးတုန်းသတ်မှုနဲ့ ဝင်ခိုင်းမယ် -၈။ တပ်မတော်မရှိရင် ဒီမိုကရေစီ ရပြီဖြစ်လို့ UNတပ်ကို ပြင်ဦးလွင်မှာစခန်းဖွင့်ခွင့်ပေးမယ် -၉။ မြန်မာ့ပင်လယ်ပြင်ရေပိုင်နက်က ကျွန်းတစ်ကျွန်းမှာ UNတပ် အခြေစိုက်စခန်းဖွင့်ခွင့်ပြုမယ် -အစရှိတဲ့သတင်းတွေ ခုပဲစပြီး သိရလို့ တင်းပေးလိုက်ရပါသည် မြန်မာပြည်ကြီး ကျန်းမာပါစေ ….မျိုးချစ်များ အချိန်တန်ပါပြီလို့ပြောရင်း သတင်းထူးများအား အချိန်နဲ့ တစ်ပြေးညီ တင်ပြပေးပါမည် ***NM. Credit”လို့ရေးသားထားပါတယ်။ဒီပို့စ်ကို အောက်ပါလင့်ခ်မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။ ဒီပို့စ်ကို ဒီနေရာ ဒီနေရာနဲ့ ဒီနေရာတွေမှာ ပြန်လည်မျှဝေနေကြတာ တွေ့ရပါတယ်။

မူရင်းလင့်ခ် – FB Link  |   Archive Link

အချက်အလက်စိစစ်ချက်

ဒီလိုမျိုးရေးသားထားတဲ့ တပ်မတော်ကို NLDပါတီက အပြည်ပြည်ဆိုင်ရာတရားရုံး ICJဆီ တိုင်တန်းထားတယ် ဆိုတဲ့ ရေးသားချက်ဟာ မှားယွင်းတဲ့ရေးသားချက်သာဖြစ်တာကို Fact Crescendo Myanmarက သတိပြု မိပါတယ်။ လက်ရှိ ICJမှာ မြန်မာကိုတရားစွဲထားဟာ အနောက်အာဖရိကနိုင်ငံတစ်ခုဖြစ်တဲ့ ဂမ်ဘီယာ နိုင်ငံက ဖြစ်ပါတယ်။ ဒီအမှုကို ဦးဆောင်ပြီးစွတ်စွဲချက်တွေကို ချေပအမှုရင်ဆိုင်နေသူက နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်လည်းဖြစ်ပြီ NLDပါတီဥက္ကဌလည်းဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ဖြစ်တာကို ဒီနေရာမှာ ကြည့်ရှု နိုင်ပါတယ်။ တပ်မတော်ခေါင်းဆောင်တွေကို ဦးတည် တရားစွဲတာမဟုတ်ပဲ မြန်မာနိုင်ငံကို စွဲတာဖြစ်ပါတယ်။ ICJမှာ မြန်မာအမှုဖွင့်ခံရနဲ့ပတ်သက်ပြီး သိသင့်တဲ့အချက်တွေကို BBCသတင်းဌာနက ဖော်ပြထားပြီး အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

မူရင်းလင့်ခ် – BBC Link  |   Archive Link

ဒီပို့စ်မှာပါဝင်တဲ့ ပြည်ပတရားသူကြီးတွေနဲ့ အကြံပေးတွေကို ငှါးရမ်းပြီး တပ်မတော်နဲ့ ပြည်ခိုင်ဖြိုးပါတီကို တရားဆွဲဖို့လုပ်နေတယ်ဆိုတာကိုလည်း အချက်အလက်တစ်စုံတစ်ရာ မတွေ့ရပါဘူး။ NLDအစိုးရလက်ထပ်မှာ ပြည်ပအကြံပေးတွေငှာရမ်းတာနဲ့ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ကောလဟလအမျိုးမျိုးနဲ့ သတင်းတုတွေ ရေးသားနေတာကို Fact Crescendo Myanmarကတွေ့ရှိရပြီး အစိုးရရဲ့ ပြည်ပအကြံပေးတွေနဲ့ပတ်သက်ပြီးတော့ Fact Crescendo Myanmarက အချက်အလက်စစ်ဆေးပြီးဖြစ်တာကို ဒီနေရာမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

ဆက်လက်ပြီး ၂၀၁၇ခုနစ် ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ အာဆာအကြမ်းဖက်မှုနောက်ပိုင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ ဖြစ်စဉ်တွေကို အကြောင်းပြကာ မြန်မာနိုင်ငံအတွင်း UNတပ်တွေဝင်လာပြီး တပ်မတော်ကိုတိုက်ခိုက်ဖို့ စီစဉ်နေတယ်ဆိုတာကလည်း မှားယွင်းတဲ့ စွတ်စွဲချက်သာဖြစ်ပါတယ်။ R2Pလို့ အတိုကောက်ခေါ်ဝေါ်တဲ့ Responsibility to protectဆိုတဲ့ UNရဲ့ ငြိမ်းချမ်းရေးထိန်းသိမ်းရေးတပ်တွေ စစ်ရေးအရ ဝင်ရောက်ဖို့အတွက် အဆင့်တွေအများကြီးကို ကျော်ဖြတ်ရတာတွေ့ရပါတယ်။ R2Pနဲ့သက်ဆိုင်တဲ့ အကြောင်းရာအပြည့်စုံကို ဒီနေရာမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။ မြန်မာနိုင်ငံကို ဒီလိုအခြေနေမျိုးဝင်ရောက်စွတ်ဖတ်ဖို့အတွက် မဖြစ်နိုင်သေးကြောင်း နိုင်ငံရေးလေ့လာသူအများစုက သုံးသပ်ထားတာကို 7 Days သတင်းဌာနရဲ့ ဆောင်းပါးတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

မူရင်းလင့်ခ် – 7 Days Link  |   Archive Link

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ NLDပါတီက တပ်မတော်ကို ICJမှာ တိုင်ကြားထားပြီး UNတပ်တွေနဲ့ တပ်မတော်ကို တိုက်ဖို့လုပ်နေတယ်ဆိုတဲ့ သတင်းဟာ သတင်းအမှားသာဖြစ်တာကိုတွေ့ရပါတယ်။

Avatar

Title:NLDက တပ်မတော်ကို ICJမှာ တိုင်ကြားထားပြီး UNတပ်တွေနဲ့ တပ်မတော်ကို တိုက်ဖို့လုပ်နေတယ်ဆိုတဲ့ သတင်းအမှား

Fact Check By: Lynn Yu 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *