
ပြည်ပရောက်မြန်မာတွေ ပက်စ်ပို့သက်တမ်းတိုးမယ်ဆိုရင် ပြည်တွင်းကို ပြန်လာပြီးတော့မှ တိုးလို့ရမယ်ဆိုတဲ့ သတင်းတစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ ဒီသတင်းဟာ သတင်းမှားသာ ဖြစ်တယ်လို့ စစ်တပ်ကိုသစ္စာခံတဲ့ အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့က မြန်မာနိုင်ငံသံရုံးက ၂၀၂၂ ခုနှစ် ဇူလိုင် ၇ ရက်မှာ အသိပေးထားပါတယ်။
“#ဒီသတင်းဟာအမှန်အကန်လား
သတင်းအမှန်ပါ အမေရိကန် မြန်မာသံရုံးကို အခုပဲ
ဖုန်းဆက်မေးပြီးပါပြီ
စစ်ကောင်စီမှ ပြည်ပရောက်မြန်မာများအား Passport သက်တမ်းတိုးပေးခြင်းကို ပိတ်ပင်
————-
ပြည်သူများအား မျိုးစုံဖိနှိပ်နေသော စစ်ကောင်စီသည် ပြည်ပရောက်မြန်မာများအား နိုင်ငံကူးလက်မှတ် ပတ်စပို့သက်တမ်းတိုးပေးခြင်းအား ပိတ်ပင်တော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။
ခြွင်းချက်အနေဖြင့် PD ဟုခေါ်သော Diplomatic Passport နှင့် PO ဟုခေါ်သော Official Passport
နှစ်မျိုးမှ အပ ကျန် နိုင်ငံကူးလက်မှတ်များအားလုံး သက်တမ်းတိုးလိုလျှင် မြန်မာနိုင်ငံအတွင်း ပြန်တိုးရန် လိုအပ်တော့မည်ဖြစ်ပါတယ်
ယင်းသို့ ကန့်သတ်ပိတ်ပင်လိုက်ခြင်းကြောင့် ယခင်ကကဲ့သို့ရောက်ရှိရာနိုင်ငံရှိ မြန်မာသံရုံးတွင် အလွယ်တကူ ပတ်စပို့သက်တမ်းတိုး၍ မရတော့ပဲ မြန်မာပြည်သို့ မဖြစ်
မနေ သက်တမ်းပြန်တိုးရတော့မည်ဖြစ်ရာ ပြည်ပရောက်မြန်မာများစွာ ဒုက္ခအခက်အခဲများနှင့် ကြုံတွေ့ကြရတော့မည်ဖြစ်သည်
Credit”လို့ ရေးသားပြီး “Nay Minn Khunt”အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြုသူက ဇွန် ၃၀ ရက်မှာ အောက်ပါအတိုင်း မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၁၁၀၀၀ ရှိပါတယ်။

မူရင်းလင်ခ့် – FB link | Archive link
အလားတူရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။
အချက်အလက်စိစစ်ချက်
စစ်တပ်ကို သစ္စာခံတဲ့ အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့အခြေစိုက် အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက ဇူလိုင် ၇ နေ့မှာ ၎င်းတို့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာကတစ်ဆင့် အောက်ပါအတိုင်းကြေညာထားတာတွေ့ရပါတယ်။
“အသိပေးကြေညာချက်
၁။ ပြည်ပရောက် မြန်မာနိုင်ငံသားများအနေဖြင့် ၎င်းတို့၏ နိုင်ငံကူးလက်မှတ်များ သက်တမ်း ကုန်ဆုံးသွားပါက သက်တမ်းတိုးလျှောက်ထားခြင်းလုပ်ငန်းကို မြန်မာနိုင်ငံ၌ ပြန်လည် လျှောက်ထားရမည်ဖြစ်ကြောင်း ဆိုရှယ်မီဒီယာများနှင့် လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့လျက် ရှိကြောင်း တွေ့ရှိရပါသည်။ အဆိုပါ ဖော်ပြချက်များမှာ သတင်းမှားများသာဖြစ်ကြောင်း အသိပေး ဖော်ပြအပ်ပါသည်။
၂။ မြန်မာသံရုံး၊ ဝါရှင်တန်မြို့အနေဖြင့် အမေရိကန်နိုင်ငံတွင် အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိ အလုပ်လုပ်ကိုင်/နေထိုင်နေသည့် မြန်မာနိုင်ငံသားများ၏ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်း၊ အသစ်ထုတ်ပေးခြင်းလုပ်ငန်းများ အပါအဝင် ကောင်စစ်ဆိုင်ရာကိစ္စရပ်များကို ပုံမှန်အတိုင်း လက်ခံ ဆောင်ရွက်ပေးလျက်ရှိကြောင်း ဖော်ပြအပ်ပါသည်။
၃။ မြန်မာသံရုံး၊ ဝါရှင်တန်မြို့၌ သာမန်မြန်မာနိုင်ငံကူးလက်မှတ်အမျိုးအစားများဖြစ်ကြသည့် PT (Dependent Passport)၊ PJ (Job Passport)၊ PR (Religious Passport) ၊PE (Student Passport) ၊ PV (Visit Passport) များကို သတ်မှတ်စည်းမျဉ်း/ စည်းကမ်းများနှင့်အညီ သက်တမ်းတိုးပေးခြင်း၊ အသစ်ထုတ်ပေးခြင်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးလျက် ရှိပါကြောင်း အသိပေးဖော်ပြအပ်ပါသည်။
မြန်မာသံရုံး၊ ဝါရှင်တန်မြို့
ရက်စွဲ၊ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၆ ရက်”

မူရင်းလင်ခ့် – Myanmar Embassy Washington DC | Archive link
စစ်တပ်ကထိန်းချုပ်ထားတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ဒီသတင်းကို ငြင်းဆိုထားပါတယ်။
သို့သော် ချင်းမိုင်အခြေစိုက် ထိုင်းနိုင်ငံဆိုင်ရာမြန်မာကောင်စစ်ဝန်ရုံးကတော့ ပထမက အလည်အပတ်ပတ်စ်ပို့နဲ့ အလုပ်အကိုင်ပတ်စ်ပို့ကိုပဲ သက်တမ်းတိုးပေးဖို့ညွှန်ကြားခဲ့တာမှန်ကန်ကြောင်းဝန်ခံထားပြီး နောက်ထပ်ညွှန် ကြားချက်အနေနဲ့ ပက်စ်ပို့သက်တမ်းတိုးသူရဲ့အချက်အလက်တွေကို မြန်မာနိုင်ငံကို အရင်ပြန်ပို့ပြီး ရုံးချုပ်က အတည်ပြုတော့မှသာ သက်တမ်းတိုးနိုင်တော့ဖြစ်ကြောင်း ညွှန်ကြားချက်ပြောင်းလဲခဲ့တယ်လို့ ဧရာဝတီ သတင်းဌာနကိုဖြေကြားထားပါတယ်။

မူရင်းလင်ခ့် – ဧရာဝတီ| Archive link
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ သံရုံးတွေကို ပက်စ်ပို့သက်တမ်းတိုးခြင်းကို ဆိုင်ငံထားခြင်းရှိမရှိ Fact Crescendo အနေနဲ့ အတည်မပြုနိုင်ပေမဲ့ နောက်ဆုံးပြောင်းလဲလိုက်တဲ့ ညွှန်ကြားချက်အရ ပက်စ်ပို့ သက်တမ်းတိုးဖို့ မြန်မာနိုင်ငံပြန်လာရမယ်ဆိုတဲ့ အချက်အလက်ဟာ မဟုတ်ကြောင်း သံရုံးတွေက ငြင်းဆိုထားပါတယ်။

Title:Fact Check: ပက်စ်ပို့သက်တမ်းတိုးဖို့ မြန်မာနိုင်ငံကို ပြန်လာဖို့လိုတယ်ဆိုတာ မဟုတ်ပါ
Fact Check By: Nayar MaungResult: Missing Context