
အလောင်းတွေတန်းစီထားတဲ့ ဓာတ်ပုံနှင့်အတူ လှိုင်သာယာမှာ ကျဆုံးခဲ့တဲ့ သူရဲကောင်းတွေလို့ ရေးသားမျှဝေ ထားတဲ့ပို့စ်ကို ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ပေါင်းများစွာက ပြန်လည်မျှဝေခဲ့ကြပါတယ်။ သို့သော်လည်း ပို့စ်ပါ ဓာတ်ပုံတွေဟာ လှိုင်သာယာက အဖြစ်အပျက်နဲ့ သက်ဆိုင်ခြင်းမရှိဘဲ ၂၀၂၀ ခုနှစ်အတွင်း ဖားကန့် မြေပြိုမှုဖြစ်စဉ်က ဓာတ်ပုံတွေဖြစ်ပါတယ်။
လှိုင်သာယာမှာ စစ်တပ်က လမ်းပေါ်ရှိနေသူတွေကို ပြင်းပြင်းထန်ထန်ဖြိုခွင်းခဲ့တာကြောင့် မတ် ၁၄ ရက် (တနင်္ဂနွေနေ့) တရက်ထဲမှာပဲ အနည်းဆုံး လူ ၅၁ ယောက်သေဆုံးခဲ့ရပါတယ်။
လူမှုကွန်ယက် အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ လှိုင်သာယာက သူရဲကောင်းတွေ ကျဆုံးပုံအဖြစ် ဖော်ပြထားတဲ့ပို့စ်ကိုအောက်ပါအတိုင်း တွေ့ရပါတယ်။
“လိူင်သာယာ သူရဲကောင်းတွေ အားလုံးအေးချမ်းတဲ့ ဘုံဘဝမှာ နားခိုနိုင်ကြပါစေ”လို့ ရေးသားပြီး “Khine Zaw”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူကမျှဝေထားရာမှာ ၁ ရက်အတွင်း ဖေ့စ်ဘွတ်အသုံးပြုသူ ၂ ထောင်ကျော်က ပြန်လည်မျှဝေခဲ့ကြပါတယ်။ တူညီစွာရေးသားထားပြီး ပျံ့နှံမှုအား ကောင်းခဲ့တဲ့ပို့တွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ အခြားလူမှုကွန်ယက်စာမျက်နှာဖြစ်တဲ့ တွစ်တာမှာလည်း အင်္ဂလိပ်ဘာသာနဲ့ အလားတူမျှဝေထားတာ ဒီနေရာ၊ ဒီနေရာနဲ့ဒီနေရာမှာ တွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
ဓာတ်ပုံကို Google မှာ မှာပုံပြန်ရှာနည်းအသုံးပြုပြီးရှာဖွေရာမှာ ဓာတ်ပုံဟာ ၂၀၂၀ ခုနှစ် ဇူလိုင်လအတွင်း ကတည်းက အင်တာနက်မှာ ပျံ့နှံခဲ့ပြီးဖြစ်တာအောက်ပါအတိုင်းတွေ့ရပါတယ်။

“၂.၇. ၂၀၂၀ နေ့ နံက် ၆နာရီခန့်ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ဝှေခါ မြေပြိုမှုဖြစ်စဉ်တွင် သေဆုံးသူ ရုပ်အလောင် များအား ဝေခါ ကျေးရွာ သုဿာန်တွင်တွေ့ရစဉ်
ဖားကန့်မြေစာပုံ ပြိုကျသေဆုံးသည့် ပိုင်ရှင်မပေါ် သူများကို မြေမြုပ် သဂြိုဟ်နေပုံရိပ်များ။ စိတ်မကောင်း လိုက်တာ။”လို့ ရေးသားပြီး news-uptadate အမည်နဲ့ ဝက်ဘ်ဆိုဒ်က ဇူလိုင် ၃ ရက်မှာမျှဝေထား တာအောက်ပါအတိုင်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – news-uptodate | Archive link
၂၀၂၀ ခုနှစ် ဇူလိုင် ၂ ရက်က ဖားကန့်မှာ ကျောက်မျက်လုပ်ကွက်တစ်ခုရဲ့ မြေစာပုံပြိုကျမှုမှာ အနည်းဆုံး၁၇၄ ဦးသေဆုံးခဲ့ပါတယ်။ Eleven Media က ထိုအချိန်ဖော်ပြခဲ့တဲ့ “ဖားကန့် မြေပြိုမှုတွင် သေဆုံးမှုများအပေါ် ကချင်ပြည်နယ် အစိုးရအဖွဲ့နှင့် KIO ဗဟိုကော်မတီ အပါအဝင် ပြည်နယ်တွင်း ပါတီများ ဝမ်းနည်းကြောင်း ထုတ်ပြန်”လို့ ခေါင်းစဉ်တပ် ရေးသားထားတဲ့ ဗွီဒီယိုမှာလည်း ဒီဓာတ်ပုံကိုတွေ့ရပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်အလက်အရ ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ဝှေခါ မြေပြိုမှုဖြစ်စဉ်အတွင်း သေဆုံးခဲ့ ရသူများရဲ့ ရုပ်အလောင်းပုံကို လှိုင်သာယာက စစ်တပ်ရဲ့ဖြိုခွင်းမှုခံရတဲ့ ဓာတ်ပုံအဖြစ်ဖော်ပြ ထားခြင်း ဖြစ်ပါတယ်။

Title:ဖားကန့် မြေပြိုမှုဖြစ်စဉ်က ဓာတ်ပုံကို လှိုင်သာယာမှာ ဆန္ဒပြရင်း ကျဆုံးခဲ့ရသူများအဖြစ်ဖော်ပြ
Fact Check By: Nayar MaungResult: Misleading