Fact Check: ကာတာအသင်း ကမ္ဘာ့ဖလားကစောစောစီးစီးထွက်ခဲ့ရလို့ ကာတာဘုရင် စိတ်ပျက် လက်ပျက်ထိုင်နေတဲ့ပုံလား-မဟုတ်ပါ

Satire နိုင်ငံတကာ၊ | International

ဒေါ်လာ ဘီလျံများစွာ အကုန်ကျခံပြီး ကမ္ဘာ့ဖလား ကျင်းပပေးခဲ့ပေမဲ့ ကာတာအသင်းဟာ အုပ်စုအဆင့်က နေပဲထွက်ခဲ့ရပြီးနောက် ကာတာဘုရင်ဟာ စိတ်ပျက်လက်ပျက်နဲ့ ဘောလုံးကွင်းထဲမှာ ထိုင်နေပုံ အဖြစ် ဓာတ်ပုံပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ သရော်ထားတဲ့ပို့စ်သာဖြစ်ပါတယ်။ ဓာတ်ပုံထဲက ပုဂ္ဂိုလ်ဟာ ဆော်ဒီအာရေးဗီးယားကလပ် Al-Nassr အသင်းမန်နေဂျာရဲ့ ဓာတ်ပုံဖြစ်ပြီး ၂၀၂၀ ခုနှစ်အတွင်းက ဓာတ်ပုံဖြစ်ပါတယ်။

“ဒေါ်လာ ဘီလျံများစွာ အကုန်ကျခံပြီး ကမ္ဘာ့ဖလား ကျင်းပပေးခဲ့ သော်လည်း အုပ်စုမှ အစောဆုံး ထွက်ခဲ့ ရပြိးနောက် ကာတာဘုရင် အခြေအနေ”လို့ ရေးသားပြီး “Soccer 88 Sports News” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက နိုဝင်ဘာ ၃၀ ရက်က အောက်ပါအတိုင်းမျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၁၇၀၀ ကျော်ရှိပါတယ်။

မူရင်းလင်ခ့် – FB linkArchive link  

တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။ ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ပို့စ်တွေအောက်က မှတ်ချက်တွေကို လေ့လာကြည့်ရာမှာ အမှန်တကယ် ကာတာဘုရင်ရဲ့ အဖြစ်အပျက်ဓာတ်ပုံအဖြစ်ယုံကြည်နေကြတာတွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်

Google မှာပုံရှာနည်းအသုံးပြုရှာဖွေကြည့်ရာမှာ ဒီဓာတ်ပုံဟာ ၂၀၂၀ ခုနှစ်ကတည်း အင်တာနက်မှာ ပျံ့နှံ့လျှက်ရှိ တာတွေ့ရပါတယ်။ ၂၀၂၀ ခုနှစ် အောက်တိုဘာ ၃ ရက်မှာ ဆော်ဒီအာရေးဗီးယားအသင်း Al-Nassr နဲ့ အီရန်အသင်း Persepolis တို့ အာရှချန်ပီယံလိဂ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ်ယှဉ်ပြိုင်ခဲ့ရာမှာ Al-Nassr ဟာ ရှုံးနိမ့်ပြီးနောက် အသင်းမန်နေဂျာက ဂိုးတိုင်ကို မှီထိုင်ခဲ့တဲ့ ဓာတ်ပုံဖြစ်ပါတယ်။

အီရန်သတင်းဌာနတစ်ခုဖြစ်တဲ့ Kabaronline က ပါရှန်းဘာသာစကားနဲ့သတင်းဖော်ပြချက်ကို ဘာသာပြန်ဆိုကြည့်ရာမှာ အောက်ပါအတိုင်းတွေ့ရပါတယ်။

“Persepolis ကိုရှုံးနိမ့်ပြီးနောက် Al-Nasr မန်နေဂျာ၏မျက်ရည်များ / ဓာတ်ပုံ

Persepolis အသင်းသည် ဆော်ဒီအာရေးဗီးယားမှ Al Nasr ကို အနိုင်ရရှိကာ အာရှချန်ပီယံလိဂ် ဖိုင်နယ်သို့ တက်ရောက်ခဲ့သည်။

သတင်းအေဂျင်စီ အွန်လိုင်းသတင်းအရ Persepolis သည် အာရှချန်ပီယံလိဂ် ဆီမီးဖိုင်နယ်တွင် ဆော်ဒီ အာရေးဗီးယားအသင်း Al Nasr ကို အနိုင်ယူနိုင်ခဲ့ပြီး နောက်ဆုံးသုံးနှစ်အတွင်း အာရှချန်ပီယံလိဂ် ဖိုင်နယ်သို့ ဒုတိယအကြိမ် တက်ရောက်နိုင်ခဲ့သည်။ အာရှချန်ပီယံလိဂ် ဆီမီးဖိုင်နယ်တွင် Persepolis ကိုရှုံးနိမ့်ပြီးနောက် ဆော်ဒီအာရေးဗီးယားဘောလုံးအသင်းမန်နေဂျာသည် ဂိုးတိုင်ဘေးတွင် ထိုင်ကာ ဝမ်းနည်းနေသည်ကို အသင်းဖော်တစ်ဦးမှ နှစ်သိမ့်အားပေးခဲ့သည်။”

မူရင်းလင်ခ့် – KhabaronlineArchive link  

“SHOOT TV” အမည်နဲ့ ယူကျူ့ချန်နယ်မှာလည်း ၂၀၂၀ ခုနှစ် အောက်တိုဘာ ၃ ရက်က အာရှချန်ပီယံ လိဂ်ပြိုင်ပွဲမှာ ဆော်ဒီအာရေးဗီးယား အသင်း Al-Nassr နဲ့ အီရန်အသင်း Persepolis တို့ယှဉ်ပြိုင်ကစားပုံကို ဖော်ပြထားတဲ့ ဗွီဒီယိုမှာ ပွဲစဉ်အပြီး Al-Nassr အသင်းမန်နေဂျာက စိတ်ပျက်လက်ပျက်နဲ့ ဂိုးတိုင်ကို မှီထိုင်နေပြီး အသင်းဖော်တစ်ဦးက သွားရောက်နှစ်သိမ့်ပြန်လည်ခေါ်ယူခဲ့ရတာတွေ့ရပါတယ်။ ဒီလင့်ခ်မှာကြည့်ပါ။ 

သုံးသပ်ချက်

၂၀၂၀ ခုနှစ် အောက်တိုဘာ ၃ ရက်က ဆော်ဒီအာရေးဗီးယားအသင်း Al-Nassr နဲ့ အီရန်အသင်း Persepolis တို့ အာရှချန်ပီယံလိဂ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ်ယှဉ်ပြိုင်ခဲ့ရာမှာ Al-Nassr ဟာ ရှုံးနိမ့်ပြီးနောက် အသင်း မန်နေဂျာက ဂိုးတိုင်ကို မှီထိုင်ခဲ့တဲ့ ဓာတ်ပုံဖြစ်ပါတယ်။ ကာတာဘုရင်ရဲ့ ဓာတ်ပုံမဟုတ်သလို ကာတာဘုရင် ကလည်း ဒီလိုပြုမှုခဲ့တယ်ဆိုတဲ့အထောက်အထားမတွေ့ရပါဘူး။

Avatar

Title:Fact Check: ကာတာအသင်း ကမ္ဘာ့ဖလားကစောစောစီးစီးထွက်ခဲ့ရလို့ ကာတာဘုရင် စိတ်ပျက် လက်ပျက်ထိုင်နေတဲ့ပုံလား-မဟုတ်ပါ

Fact Check By: နေရာမောင် 

Result: Satire


Leave a Reply

Your email address will not be published. Required fields are marked *