
မြန်မာအာဏာသိမ်းစစ်တပ်ကို အကြမ်းဖက်အုပ်စုအဖြစ် ကုလသမဂ္ဂက ကြေညာလိုက်ပြီး ၄၈ နာရီအတွင်း အရေးယူမယ်လို့ ဆိုထားတဲ့ ဗွီဒီယို ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိတယ်။ သတင်းတု သာဖြစ်တယ်။
အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်ပါစာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ ဓာတ်ပုံဖြစ်တယ်။
“အကြမ်းဖက်စစ်အုပ်စု နိဂုံးချုပ်ပြီ
ကုလရဲ့လုပ်ကိုင်ခွင့် ထုတ်သုံးနေပြီ ၊ အကြမ်းဖက်အစိုးရအဖြစ်
ကြေညာပြီး (၄၈) နာရီအတွင် အရေးယူဖမ်းဆီးမည်”(မူရင်းအရေးအသား)
မူရင်းလင်ခ့် – Youtube link | Archive link
အချက်အလက်စိစစ်ချက်
သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ အခုဗွီဒီယိုကို အခုလို ဖြန့်ဝေထားတဲ့ “Khit Thit Media”အမည်နဲ့ ယူကျူ့ချန်နယ်ကို လေ့လာကြည့်ရာမှာ သတင်းလုပ်ငန်း လုပ်ကိုင်နေတဲ့ “ရန်ကုန်ခေတ်သစ်”သတင်းဌာနကို တုပထားတဲ့ ချန်နယ်တခုဖြစ်ပြီး ဒီသတင်းဌာနအပါအဝင် တခြားသတင်းဌာနတချို့က သတင်းတွေနဲ့ လူမှုကွန်ယက်အသုံးပြုသူတွေရေးသားဖြန့်ဝေထားတဲ့ အတွေးအမြင်ဆောင်းပါးတွေကို ပြန်လည်ကူးယူကာ သတင်းခေါင်းစဉ်တုတပ် ဖြန့်ချိနေတာ တွေ့ရပါတယ်။
Also read – Fact Check: နေပြည်တော်မှာ စစ်ခေါင်းဆောင် အာဏာအသိမ်းခံရပြီး အရေးပေါ် ဖုန်းတွေ ဖြတ်တောက်ထားဆိုတဲ့ သတင်းတု
အခုလည်း ဗွီဒီယိုထဲမှာ ပါဝင်တဲ့အကြောင်းအရာဟာ ဖေ့စ်ဘွတ်အသုံးပြုသူတဦးရဲ့ အတွေးအမြင် ဆောင်းပါးဖြစ်တဲ့ “စစ်အာဏာသိမ်း အဖွဲ့၏ ဥပဒေမဲ့ လုပ်ရပ်များ အတိုင်းအဆမရှိ ဖြစ်လာနေ”ဆိုတဲ့ အတွေးအမြင်ဆောင်းပါးနဲ့ မဲခေါင်သတင်းဌာနကဖော်ပြခဲ့တဲ့ “ရှမ်းအရှေ့၊ မိုင်းဆတ်မှာ စစ်ကောင်စီ စစ်ရေးပြင်ဆင်နေ”ဆိုတဲ့ သတင်းကို ပြန်လည်ဖော်ပြထားတယ်။
ဗွီဒီယိုတခုလုံးမှာလည်း ကုလသမဂ္ဂနဲ့ သက်ဆိုင်တဲ့အကြောင်းမပါဝင်သလို ဖော်ပြပါရှိတဲ့ အတွေးအမြင် ဆောင်းပါးနဲ့ သတင်းမှာလည်း ပါဝင်ခြင်းမရှိပါဘူး။
Also read – Fact Check: မြန်မာနိုင်ငံကို ကုလသမဂ္ဂက စစ်ရေးအရ အရေးယူဖို့ အတည်ပြု ထားသလား-မဟုတ်ပါ
သုံးသပ်ချက်“Khit Thit Media” အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတခုဖြစ်တဲ့ “ရန်ကုန်ခေတ်သစ်”ရဲ့ Khit Thit Media အမည်နာမည်ကို တုပပြီး သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေ ဖြန့်ချိလေ့ရှိတယ်။ အခုလည်း တကယ်တမ်းဖော်ပြပါထားတဲ့ အကြောင်းအရာတွေဟာ စစ်ကောင်စီရဲ့ ဥပဒေမဲ့လုပ်ရပ်များနဲ့ ရှမ်းအရှေ့မှာ စစ်ကောင်စီ စစ်ရေးပြင်ဆင်နေတဲ့ သတင်းတွေကိုသာဖော်ပြထားပြီး ခေါင်းစဉ်လွဲတပ်ထားခြင်းဖြစ်တယ်။

Title:Fact Check: မြန်မာစစ်တပ်ကို အကြမ်းဖက်အဖြစ် ကုလကြေညာပြီး ၄၈ နာရီ အတွင်း အရေးယူမယ့် သတင်းတု
Written By: နေရာမောင်Result: False