၂၀၂၃ ခုနှစ်ကုန်ပြီ ၂၀၁၄ ခုနှစ်ကို ချဉ်းနင်းဝင်ရောက်လာချိန်မှာ တနှစ်တာအတွင်း သတင်းတု၊ သတင်းမှား ဖြန့်ချိမှု ပုံစံတွေကို ပြန်လည်သုံးသပ်တဲ့အခါ အွန်လိုင်းလိမ်လည်မှုနဲ့ နိုင်ငံရေးသတင်းခေါင်းစဉ်တုတပ်ထားတဲ့ ဗွီဒီယိုတွေနေရာယူခဲ့တာကို Fact Crescendo Myanmar ရဲ့ စောင့်ကြည့်လေလာမှုတွေနဲ့ အချက်အလက် စိစစ်ချက်တွေအရ တွေ့ရပါတယ်။

လွယ်လွယ်ကူကူနဲ့ အွန်လိုင်းကချေးပေးနေဆိုတဲ့ငွေလိမ်နည်း၊ ငွေတုရောင်းဝယ်ရေးဆိုတဲ့ ငွေလိမ်နည်း တွေက အစ နိုင်ငံခြားငွေကြေးရောင်းဝယ်ဖောက်ကားသူအဖြစ်အယောင်ဆောင်တာ၊ ချဲ့ကားထားတဲ့ ပစ္စည်းကြော်ငြာ တွေ အလယ် အွန်လိုင်းမှာ ငွေလိမ်နည်းတွေဟာ နောက်ဆုံးမှာ ရှမ်းမြောက်မှာ စစ်ပွဲဖြစ်ရတဲ့အထိ အကြောင်း အရာတွေထဲက တချက် ဖြစ်ခဲ့ပါတယ်။

နိုင်ငံရေးကဏ္ဏမှာတော့ သတင်းမီဒီယာတွေက သတင်းတွေကို နိုင်ငံရေးသတင်းခေါင်းစဉ်တုတပ်ပြီး ဖြန့်ဝေတဲ့ ဗွီဒီယိုတွေ၊ ဖေ့စ်ဘွတ်မှာ စစ်တပ်ဝါဒဖြန့်ချိရေး ယန္တယားကဖြန့်ဝေတဲ့ ခိုးဆိုး၊လုနှိုက်၊ ရက်စက်မှုမှန်သမျှ PDF ဆိုတဲ့ ထပ်ခါထပ်ခါတွေ့ရတဲ့ သတင်းမှား ဖြန့်ချိမှုတွေပဲဖြစ်ပါတယ်။

ဘာချေးငွေ ညာချေးငွေ

သိန်း ဆယ်ဂဏန်းကနေ ရာဂဏန်းအထိ ချေးငွေတွေပေးနေတယ်ဆိုတဲ့ ဖေ့စ်ဘွတ်မှာ လိမ်လည်မှုပုံစံဟာ ၂၀၂၃ ခုနှစ်ထဲမှာလည်း ဆက်လက်အားကောင်းနေခဲ့ပါတယ်။ လိမ်လည်သူတွေ အသုံးပြုမှုအများဆုံးဖေ့စ်ဘွတ်က နာမည်တွေ ကတော့ ဒီမိုကရေစီခေတ်ပြောင်းမှာ နိုင်ငံတကာအထောက်အပံ့ချေးငွေတွေနဲ့ ရွာတွေမှာ ဖွံ့ဖြိုးရေးအနေနဲ့ ထုတ်ချေးခဲ့တဲ့ မြစိမ်းရောင်ချေးငွေ၊ သမဝါယမချေးငွေ၊ SME ချေးငွေဆိုတာတွေနဲ့ AYA Bank သူဌေးဦးဇော်ဇော်၊ ဇွဲထက်ချေးငွေ၊ သမာဓိချေးငွေစတဲ့ နာမည်တွေပဲဖြစ်တယ်။

နောက်ထပ်တွေ့ရတဲ့ လိမ်လည်မှုကတော့ မသက်ဆိုင်တဲ့ ဓာတ်ပုံတွေ၊ အတုအယောင်ပြောဆိုချက်တွေနဲ့ ကုန်ပစ္စည်းတခုခုကို ရောင်းချဖို့ ကြိုးပမ်းမှုပဲဖြစ်တယ်။ ဒီလိုရောင်းချဖို့ကြိုးစားရာမှာ ပျံ့နှံ့မှုကောင်းဖို့အတွက် ဖေ့စ်ဘွတ်မှာ အခပေးကြော်ငြာထိုးရောင်းချခဲ့တာလည်းတွေ့ရပါတယ်။

တချို့ဟာ အပြင်မှာ နာမည်ကြီး အမှတ်တံဆိပ်ကိုအသုံးပြုပြီး လက်ဆောင်ပစ္စည်းတွေ အလကားပေးနေ တယ်ဆိုတဲ့ ဖြန့်ဝေမှုလည်းပါဝင်ပါတယ်။ တကယ်တမ်း ဒီလိုမျိုး အမှန်တကယ်လုပ်ကိုင်နေတဲ့ စီးပွားရေး လုပ်ငန်းတွေက ကြော်ငြာခဲ့ခြင်းမရှိကြောင်းလည်း ပြန်လည်ရှင်းလင်းခဲ့ကြတာတွေ့ရပြီး ဘဏ်တွေရဲ့ လူမှုကွန်ယက်စာမျက်နှာတွေမှာ မသမာသူတွေက ဘဏ်ဝန်ထမ်းအဖြစ် အယောင်ဆောင်ပြီး လျှို့ဝှက်နံပါတ် လိုမျိုး အရေးကြီးတဲ့အရာတွေကိုလည်း တောင်းယူခံရရင် မပေးကြဖို့ အကြိမ်ကြိမ် သတိပေးခဲ့ကြရတာလည်း တွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်မလုပ်နိုင်ခဲ့တဲ့ နောက်ထပ် လိမ်လည်မှုကတော့ ငွေလဲလုပ်ငန်း၊ မပေါက်ဈေးပေးပြီး သားကောင်ကို ရှာဖွေတဲ့ နိုင်ငံခြား ငွေကြေး ရောင်းဝယ်ဖောက်ကားမှုအယောင်ဆောင်သူတွေ၊ ရွှေထည်နဲ့ စိန်ထည်ကို အွန်လိုင်းက ရောင်းချနေပြီဆိုတဲ့ အယောင်အဆောင်ပြော ဆိုချက်တွေပဲဖြစ်တယ်။

ခေါင်းစဉ်တုတပ် ဗွီဒီယို

လတ်တလောလှုပ်ခတ်နေတဲ့ နိုင်ငံရေးဖြစ်စဉ်၊ ထင်ပေါ်ကြော်ကြားသူတွေအကြောင်း အဓိကထားပြီး ခေါင်းစဉ်တု တပ်ကဖြန့်ချိမှုတွေဖြစ်တယ်။ အများစုသော သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်ခေါင်းဆောင်တွေ တွေ့ဆုံမှု၊ အာဏာပြန်လွှဲပေးဖို့ ညှိနှိုင်းမှု၊ ထောင်က ပြန်လည်လွှတ်မြောက်လာမှုနဲ့ NUG ကို ပြည်ပကထောက်ပံ့မှု၊ စစ်ခေါင်းဆောင်နဲ့ ညှိုနှိုင်းမှုပြီး အာဏာ ပြန်ရလာမှု၊ PDF တွေ နေပြည်တော်၊ ရန်ကုန်၊ မန္တ‌လေးမြို့တွေ သိမ်းပိုက်မှု၊ စစ်ခေါင်းဆောင်တွေ ထွက်ပြေးမှု၊သေဆုံးမှုနဲ့ နိုင်ငံတကာက အရေးယူမှု တွေပဲ ဖြစ်တယ်။ တချို့သော ဗွီဒီယိုတွေဟာ သတင်းတွေကို အခြေခံပြီး ထင်‌ယောင်ထင်မှား ခေါင်းစဉ်လွဲတပ် ဖြန့်ချိမှုဖြစ်ပေမဲ့ တချို့သော ဖြန့်ချိမှုတွေဟာ ခေါင်းစဉ်ရော အကြောင်းအရာပါ လုပ်ကြံရေးသားခဲ့တာတွေ့ရ ပါတယ်။ အထူးသဖြင့် ဒီလို ခေါင်းစဉ်တုတပ် ဗွီဒီယိုတွေဟာ ၂၀၂၃ ခုနှစ်ထဲမှာ ဖေ့စ်ဘွတ်က သတင်းမှား တိုက်ဖျက်ရေးနဲ့ Click-bait တွေကို ထိန်းချုပ်ရေးမှာ တက်တက်ကြွကြွရှိတာကြောင့် ဖြန့်ဝေဖို့ အခွင့်အရေး နည်းပါးလာပြီး ယူကျူ့မှာ အဓိက ဖြန့်ဝေလာတာတွေ့ရပါတယ်။

အစ္စရေး-ဂါဇာ သတင်းမှား

နိုင်ငံတကာအခင်းအကျင်းကို လိုက်ပြီး ပျံ့နှံ့ခဲ့တဲ့ သတင်းမှားတွေကတော့ အစ္စရေး-ဟားမက်စ် စစ်ပွဲဟာ ရေပန်းအစားဆုံး ခေါင်းစဉ်ဖြစ်ခဲ့ပါတယ်။ အဓိက ဖြန့်ဝေခဲ့တဲ့တာကတော့ စစ်ပွဲစတင်ချိန်ကဖြစ်ပြီး ဖြန့်ဝေမှုအဓိကလုပ်ခဲ့တဲ့ အကြောင်းအရာကတော့ ဒုက္ခသည်အရေးနဲ့ စစ်လက်နက်ဆိုင်ရာ ကိစ္စရပ် တွေဖြစ်တယ်။ အိန္ဒိယက ဘာသာရေး ပွဲတော်တခုကို အစ္စရေး-ဟားမက်စ်စစ်ပွဲကြောင့် ထွက်ပြေးရသူတွေလို့ ဆိုခဲ့သလို ဂိမ်းဗွီဒီယိုအစိတ်အပိုင်းတွေကို အမှန်တကယ်အပြင်မှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေနဲ့ ချိတ်ဆက် ဖြန့်ဝေမှုဟာ နိုင်ငံတကာ သတင်းတု မှာ အတွေ့ရများပါတယ်။

နိဂုံးချုပ်

သတင်းတုသတင်းမှားတွေအသုံးပြုပြီး Clickbait လိုပိုက်ဆံရှာတာ၊ သားကောင်ရှာပြီ အွန်လိုင်းကနေ အယောင် ဆောင်ပြီး ငွေကြေးအကျိုးအမြတ်ရဖို့ လိမ်လည်မှုတွေဟာ ၂၀၂၃ ခုနှစ်ဆိုတဲ့ နှစ်တနှစ် ကုန်ဆုံးနိဂုံးချုပ်သွား သည့်တိုင် ဆက်လက်မြင်တွေ့နေရဆဲဖြစ်တယ်။ ၂၀၁၄ ခုနှစ်မှာ ဘယ်လိုမျိုးသော အသစ်အသစ်သော စိန်ခေါ်မှုတွေ သတင်းမှားတိုက်ဖျက်ရေးမှာရှိလာမလဲဆိုတာ ကြိုတင်မှန်းဆဖို့ ခက်ခဲပေမဲ့ ၂၀၂၃ ခုနှစ်ထဲမှာ နိုင်ငံတကာမှာ စိန်ခေါ်မှုကြီးမာခဲ့တဲ့ Artifical Inteligene နဲ့ Deep Fake လို့ နည်းပညာတွေနဲ့ သတင်းတုဖြန့်ချိမှု မြန်မာနိုင်ငံမှာ နည်းပါးခဲ့တာ ဂုဏ်ယူရမယ့်အချက်ပဲဖြစ်တယ်။