
တန်းစီလျှောက်နေတဲ့ လူတွေရဲ့အရှေ့မှာ “FREE OUR LEADER” စာတန်းပါဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံဗီနိုင်း ကို ကိုင်ဆောင်လမ်းလျှောက်နေတဲ့ ကလေးတစ်ဉီးကို မတ်လ ၂၄ ရက်နေ့က ထောင် ၃ နှစ်ကျခံလိုက်ရတဲ့ အသက် ၃ နှစ်အရွယ် မဆုမြတ်ဇော်အဖြစ် ဖေ့စ်ဘွတ်အသုံးပြုအချို့က ပြန်လည်မျှဝေလျက်ရှိပါတယ်။
ဓာတ်ပုံပါ ကလေးငယ်မှာ မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ်က အသက် ၅ နှစ်အရွယ် မိန်းကလေး ငယ်တဉီးရဲ့ ဓာတ်ပုံ ဖြစ်တာတွေ့ရပါတယ်။
“ကမ္ဘာ့ အသက်ငယ်ဆုံး အကျဉ်းသူ
မဆုမြတ်ဇော် အသက် ၃ နှစ်…
(ထောင်ဒဏ် ၃နှစ်) တဲ့ဗျာ…😢😔
What is justice?
For Myanmar people” စသည်ဖြင့် ရေးသားပြီး “Lin Yaung Chi”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူ အောက်ပါ အတိုင်းမျှဝေထားပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ ရပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
စစ်အာဏာသိမ်းမှုအာဏာဖိဆန်ရေးပါဝင်ခဲ့တဲ့ စည်ပင်ဝန်ထမ်း ဖခင်ဖြစ်သူကို မဖမ်းမိတာကြောင့် ဓားစာခံ အဖြစ်ဖမ်းဆီးခံထားရတဲ့ ဇနီး၊ မိခင်တို့နဲ့အတူ ၃ နှစ်အရွယ် မဆုမြတ်ဇော်တို့ကို ရန်ကုန်မြို့၊ အင်းစိန်ထောင် တွင်း တရားရုံးကနေ မတ် ၂၄ မှာထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခြင်းခံခဲ့ရပါတယ်။
ယခု ရက်ပိုင်းအတွင်း ထောင် ၃နှစ်ကျခံလိုက်ရတဲ့ ၃ နှစ်သမီးလေး မဆုမြတ်ဇော်ရဲ့ ဓာတ်ပုံကို မြန်မာနောင်း သတင်းဌာနက ဖော်ပြထားတာအောက်ပါအတိုင်းတွေ့ရပါတယ်။

အဲဒီနောက် Google မှာ ပုံရှာကြည့်နည်းကို အသုံးပြုပြီး ယခုပျံနှံ့နေတဲ့ဓာတ်ပုံကို ရှာဖွေကြည့်ရာမှာ မြန်မာနောင်း သတင်းဌာနကပဲ အင်္ဂလိပ်ဘာသာနဲ့ ၂၀၂၁ ခုနှစ်က ဇူလိုင် ၁ ရက်က ဖော်ပြခဲ့တဲ့ “ထောင်ချခံခဲ့ရတဲ့ မိုးကုတ်မြို့က ၅ နှစ်အရွယ်ကလေး ပြန်လည်လွတ်မြောက်လာပြီး အဖေဆီပြန်ရောက်”ဆိုတဲ့ သတင်းတစ်ပုဒ်မှာ ဓာတ်ပုံကို တွေ့ရပါတယ်။
ဓာတ်ပုံစာသားနေရာမှာ “ဒေါ်အောင်ဆန်းစုကြည်ပုံပါ ကတ်တစ်ခုကို မိုးကုတ်မြို့က စစ်အာဏာသိမ်း ဆန့်ကျင်ရေး စီတန်းလှည့်ပွဲမှာ တနင်္ဂလာနေ့က ၅ နှစ်ပြည့်ခဲ့သော စုထက်ဝိုင်း ကိုင်ဆောင်ထားစဉ်” လို့ရေးသားထားပါတယ်။

မူရင်းလင်ခ့် – Myanmar Now | Archive link
သုံးသပ်ချက်
အထက်ဖော်ပြပါ အချက်အလက်အရ ဓာတ်ပုံဟာ ၂၀၂၂ ခုနှစ် မတ်လ ၂၄ ရက်နေ့က အင်းစိန်ထောင်တွင်းမှာ မိခင်နဲ့အတူ ထောင် ၃နှစ်ကျခံခဲ့ရသော ၃ နှစ်သမီးလေး မဆုမြတ်ဇော်ဓာတ်ပုံ မဟုတ်ဘဲ မိုးကုတ်က ၅ နှစ်အရွယ် မဆုထက်ဝိုင်ရဲ့ ဓာတ်ပုံဖြစ်တာတွေ့ရပါတယ်။

Title:Fact Check: ဒီဓာတ်ပုံကထောင်ကျသွားတဲ့ ၃ နှစ်အရွယ်ကလေးငယ်ရဲ့ ပုံမဟုတ်ပါ
Fact Check By: Zun ZeeResult: Misleading