
ပုသိမ်အမှတ်(၂)တံတား ဩဂုတ် ၈ ရက်နေ့ နေ့လည် ၁၂:၁၇ မိနစ်မှာ ကျိုးကျကာ လူထိခိုက်သေဆုံးမှုများနိုင်ပြီး အရေးပေါ်ကယ်ဆယ်ရေးများအမြန်လိုအပ်နေတယ်ဆိုတဲ့ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားမှာ ပျံ့နှံ့မှုအားကောင်းနေပါတယ်။ သတင်းမှားတစ်ခုသာဖြစ်ပါတယ်။
“#Breaking_News !!!
ပုသိမ်အမှတ်(၂)တံတား ကျိုးကျ ။(နေ့လည် ၁၂:၁၇ မိနစ်)
လူထိခိုက်သေဆုံးမှုများနိုင်။
အရေးပေါ်ကယ်ဆယ်ရေးများ အမြန် လိုအပ်နေ။
Credit- Myint Than Htun”လို့ ရေးသားပြီး “Ven Vannita”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက တံတား ကျိုးကျနေတဲ့ မြင်ကွင်းဓာတ်ပုံနဲ့အတူ မျှဝေထားရာမှာ ၂ နာရီအတွင်း ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၄၀၀ ကျော်ရှိပါတယ်။

မူရင်းလင်ခ့် – FB link | Archive link
တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။
အချက်အလက်စိစစ်ချက်
Google မှာ ပုံရှာနည်းအသုံးပြုရှာဖွေရာမှာ ဓာတ်ပုံဟာ ၂၀၁၉ ခုနှစ်က ထိုင်ဝမ်မှာ တံတားတစ်စင်း ကျိုးကျတဲ့ဖြစ်စဉ်က ဓာတ်ပုံဖြစ်တာတွေ့ရပါတယ်။
ဖိလစ်ပိုင်အခြေစိုက် Rappler သတင်းဌာနက ၂၀၁၉ ခုနှစ် အောက်တိုဘာ ၁ ရက်က “ထိုင်ဝမ်မှာ တံတား ပြိုကျမှုအတွင်း လူ ၆ ဦးတံတားနဲ့ ပိမိနေပြီး စိုးရိမ်ဖွယ်ရာလို့ ကယ်ဆယ်ရေးသမားတွေပြော”ဆိုတဲ့ သတင်းတစ်ပုဒ်မှာ ဒီဓာတ်ပုံကိုအသုံးပြုထားတာတွေ့ရပါတယ်။

မူရင်းလင်ခ့် – Rappler | Archive link
အခြားသော ထိုင်ဝမ်အခြေစိုက်သတင်းဌာနတွေနဲ့ နိုင်ငံတကာမီဒီယာတွေမှာလည်း ၂၀၁၉ ခုနှစ် အောက်တိုဘာ ၁ ရက်က ထိုင်ဝမ် အရှေ့ခြမ်း ဆုအောင်(Suao)မြို့ နန့်ဖန်ခေါင်း(Nanfangao)တံငါရွာမှာ တံတားကျိုးကျခဲ့တဲ့ သတင်းကိုဖော်ပြခဲ့ကြတာတွေ့ရပါတယ်။ ဒီလင့်ခ်၊ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာကြည့်ပါ။
တဖက်မှာလည်း ပုသိမ်အမှတ်(၂)တံတားလို့ ခေါ်တဲ့ ဧရာဝတီတိုင်း ပုသိမ်မြို့နဲ့ ငဝန်မြစ် အနောက်ဘက်ကမ်းရှိ လူနေရပ်ကွက်တွေကို ဆက်သွယ်ထားတဲ့ဒီတံတားဟာ NLD အစိုးရလက်ထက် ၂၀၂၀ နှစ်ကုန်ပိုင်းကမှ ပြီးစီးခဲ့တဲ့တံတားဖြစ်ပါတယ်။ ဒီတံတာ ပြိုကျတယ်ဆိုတဲ့ သတင်းမျိုး သတင်းမီဒီယာလုပ်ငန်းကိုင်နေတဲ့ သတင်းဌာနတွေမှာ မတွေ့ရပါဘူး။
ထိုင်ဝမ်မှာ ၂၀၁၉ ခုနှစ်က ကျိုးကျခဲ့တဲ့ တံတားပုံနဲ့ ပုသိမ်အမှတ် ၂ တံတားကျိုးကျမှုအဖြစ်ဖော်ပြနေတဲ့ ဓာတ်ပုံကို အောက်ပါအတိုင်းယှဉ်ကြည့်နိုင်ပါတယ်။

သုံးသပ်ချက်
ဓာတ်ပုံဟာ ၂၀၁၉ ခုနှစ် အောက်တိုဘာ ၁ ရက်က ဆုအောင်(Suao)မြို့ နန့်ဖန်ခေါင်း(Nanfangao) တံငါရွာမှာ တံတားကျိုးကျမှုမြင်ကွင်းဖြစ်ပါတယ်။ ပုသိမ်အမှတ် ၂ တံတားဟာ NLD အစိုးလက်ထက် ၂၀၂၀ ခုနှစ် နှစ်ကုန်ပိုင်း ကမှပြီးစီးခဲ့တဲ့တံတားတစ်စင်းဖြစ်ပြီး ပြိုကျတယ်ဆိုတာမဟုတ်ပါဘူး။

Title:Fact Check: ပုသိမ်အမှတ်(၂)တံတား ပြိုကျဆိုတဲ့သတင်းမှား
Fact Check By: Nayar MaungResult: False