Fact Check: ​ လှိုင်သာယာ epc ရုံး ဗုံးခွဲခံရတဲ့ဓာတ်ပုံလား-မဟုတ်ပါ

False လူမှုရေး

​လှိုင်သာယာ epcရုံး ဗုံးခွဲမှုလို့ရေးသားပြီး လမ်းမထက်ကနေ လှမ်းမြင်နေတဲ့ မီးခိုးမည်းတွေဖုံးအုပ်နေတဲ့ ဓာတ်ပုံတစ်ပုံကို ဖေ့စ်ဘွတ်အသုံးပြုသူအများအပြားကပြန်လည်မျှဝေလျှက်ရှိတာတွေ့ရပါတယ်။

သို့သော် ဒီဓာတ်ပုံဟာ ၂၀၂၁ ခုနှစ် မတ်လထဲမှာ လှိုင်သာယာက ဆန္ဒပြအတားအဆီးတွေကို မီးရှို့ထားပုံ ဖြစ်ပါတယ်။

“လှိုင်သာယာ epcရုံး🍍🍍🍍

မင်္ဂလာမနက်ခင်းပါ။ 

29.1.2022”လို့ရေးသားပြီး “အောင်ကျော် မင်း”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက ဇန်နဝါရီ ၂၉ ရက်က မျှဝေထားရာမှာ ၃ နာရီအတွင်း ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၃၀၀ ဝန်းကျင်ရှိပါတယ်။

မူရင်းလင်ခ့် – Fb linkArchive link

တူညီတဲ့ရေးသားမျှဝေထားတာတွေကို  ဒီနေရာဒီနေရာဒီနေရာဒီနေရာနဲ့ ဒီနေရာ မှာလည်းတွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်

လှိုင်သာယာရွှေလင်ဗန်း EPC ရုံးနဲ့ စက်မှု့ဇုန်(EPC)ရုံးကိုတော်လှန်ရေးအဖွဲ့ ၄ ဖွဲ့ပေါင်းပြီးဖောက်ခွဲခဲ့တယ်လို့ ပါဝင်တဲ့အဖွဲ့ ၄ ဖွဲ့ထဲက တစ်ဖွဲ့ဖြစ်တဲ့ Spring Revolution Flames SRF အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၈ ရက်က ထုတ်ပြန်ထားတာတွေ့ရပါတယ်။ သို့သော်လည်း ယခုပျံ့နှံ့လျက်ရှိတဲ့ ဓာတ်ပုံမပါဝင်ပါဘူး။

 “ယနေ့ 28.1.2022 သောကြာနေ့ ည 7 နာရီ ၀န်းကျင်ခန့်တွင် လှိုင်သာယာ ရွှေလင်ဗန်း (EPC)ရုံး နှင့် စက်မှု့ဇုန်(EPC) ရုံးကို ကျွန်တော်တို့ တော်လှန်ရေးညီကို ၄ ဖွဲ့ ပေါင်း၍ ဖောက်ခွဲ ခဲ့သည်။ တော်လှန်ရေး ရဲဘော်များစုစည်း စည်းလုံးနေခြင်းကိုလဲ လူထုကို အားဖြစ်စေအောင် ပြသခြင်းဖြစ်တယ်။ စစ်ကောင်စီ ရဲ့အခွန်ငွေတွေ ဘယ်လိုသုံးနေတယ်ဆိုတာ အားလုံးအသိ ဖြစ်ပါတယ် လူထုမှလဲ အသက်အန္တရယ် ကြားက ကြိုးစားနေကြသောရဲဘော်များကိုအားနာစိတ်လေးထားပြီး မီတာဆောင်သင့်မဆောင်သင့်စဉ်းစားစေချင်ပါတယ်။ စစ်ကောင်စီ အလိုကျ ကျည်ဆံဖိုး ရှာပေးနေသော EPC ရုံးမှ ၀န်ထမ်းများကိုလဲ နောက်ဆုံး သတိပေးပါတယ်ခင်ဗျာ ကျွန်တော်  တို့သတိပေးပါတယ် ခင်ဗျာ။   အရေးတော်ပုံ အောင်တော့မည်။ သတင်းပြန်ကြားရေး လှိုင်သာယာ #springrevolutionflames #SRF  #godsofdeath  #freetigerranger #blackeagleranger”

မူရင်းလင်ခ့် – Spring Revolution Flames SRFArchive link

Google မှာပုံရှာနည်းအသုံးပြုပြီး ဓာတ်ပုံကိုရှာဖွေကြည့်ရာမှာ  ၂၀၂၁ ခုနှစ် မတ် ၁၄ ရက်က ဧရာဝတီ သတင်း ဌာနမှာဖော်ပြခဲ့တဲ့ “တပ်နှင့် ရဲ ပစ်ခတ်မှုကြောင့် ယနေ့ သေဆုံးသူ အနည်းဆုံး ၁၀ဦးရှိ”လို့ခေါင်းစဉ်တပ် ရေးသား ထားတဲ့ သတင်းမှာ ဒီဓာတ်ပုံကို အသုံးပြုထားတာတွေ့ရပြီး ဓာတ်ပုံစာသားအဖြစ် “လှိုင်သာယာ ဘက်ခြမ်းရှိ သပိတ်စခန်းမှ အတားအဆီးများ မီးလောင်နေစဉ်(ဓာတ်ပုံ- CJ)”လို့ရေးထားပါတယ်။

သတင်းစာသားအဖွင့်နေရာမှာ “ယနေ့ နိုင်ငံတဝှမ်း ပြုလုပ်သည့် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြ သပိတ်စစ်ကြောင်းများကို ရဲနှင့်စစ်တပ်က ပစ်ခတ်ဖြိုခွင်းရာ တနေ့တည်းတွင် ၁၀ ဦးကျော် သေဆုံးပြီး ဒဏ်ရာရသူ အများအပြား ရှိခဲ့သည်။

ယနေ့ (မတ်လ ၁၄ ရက်) နေ့လယ် ၁၂ နာရီခွဲလောက်မှစတင်ကာ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် ၁ ထိပ်၊ ၃ ထိပ်၊ ၅ ထိပ်ရှိ သပိတ်စခန်းများကို ရဲနှင့်စစ်တပ်က အင်အားအလုံးအရင်းဖြင့် အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းခဲ့ရာ ညနေ ၆ နာရီခန့်အထိ ၄ ဦး သေဆုံးခဲ့ပြီး အယောက် ၃၀ ကျော် ဒဏ်ရာရရှိထားကြောင်း သိရသည်။”လို့လည်းရေးသားထားပါတယ်။

မူရင်းလင်ခ့် – IrrawaddyArchive link

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ ဓာတ်ပုံဟာ ၂၀၂၁ ခုနှစ် မတ် ၁၄ ရက်က လှိုင်သာယာမြို့နယ်မှာ သပိတ် စခန်းမှ အတားအဆီးများ မီးလောင်နေတဲ့ပုံဖြစ်ပါတယ်။

Avatar

Title: Fact Check: ​ လှိုင်သာယာ epc ရုံး ဗုံးခွဲခံရတဲ့ဓာတ်ပုံလား-မဟုတ်ပါ

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *