ပ‌ဟေဠိဖြေဆိုနိုင်သူတွေကို ဆမ်ဆောင်း(Samsung)က ဖုန်းတွေလက်ဆောင်ပေးနေတယ်၊ တိုယိုတာ(Toyota)က ကားလက်ဆောင်ပေးနေတယ်ဆိုပြီး ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်တွေဟာ လိမ်လည်လှည့်စားမှုသာဖြစ်တယ်။ မြန်မာဘာသာအသုံးပြုသူတွေအကြား ပျံ့နှံ့လျှက်ရှိတဲ့ ပိုစ့်မှာ အင်္ဂလိပ် ဂဏန်းတွေကို ပြသထားပြီး အခြားမတူတဲ့ ဂဏန်းတွေကို တွေ့သူတွေအနေနဲ့ အံ့အားသင့်စရာ လက်ဆောင် ရရှိမယ်ဆို ပြီးတော့ နောက်ဆုံးပေါ် ဆမ်ဆောင်းဖုန်း၊ တိုယိုတာကားဓာတ်ပုံတွေနဲ့အတူ ဖော်ပြထားပါတယ်။

အောက်ပါဓာတ်ပုံကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ရဲ့ စခရင်ရှော့ဖြစ်တယ်။ Samsung အမှတ်တံဆိပ်နဲ့ အတူ ဖေ့စ်ဘွတ်စာမျက်နှာက အင်္ဂလိပ်ဂဏန်း 86 တွေထဲမှ မတူတဲ့ ဂဏန်းကိုရှာတွေ့တဲ့သူတွေဟာ အ‌ပေါ်မှာ ပြသထားတဲ့ ဆမ်ဆောင်ဖုန်းကို ရရှိမှာဖြစ်ကြောင်း ပြောဆိုထားရာ ဒီပို့စ်ကို ၂ ရက်အတွင်း ပြန်လည်မျှဝေမှု‌ပေါင်း ၂၁၀၀ ကျော်ရှိပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link

ထို့အတူ Toyota Hilux အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အင်္ဂလိပ် ဂဏန်း 83 တွေထဲကနေ မတူတဲ့ ဂဏန်း ကိုရှာပြီး ကားလက်ဆောင်ရယူနိုင်မယ်လို့ဆိုထားရာ ၂၂ နာရီအတွင်း ပြန်လည်မျှဝေမှုပေါင်း ၁၃၀၀ ကျော်ရှိပါတယ်။

အချက်အလက်စိစစ်ချက်

Samsung Myanmar၊ Toyota Myanmar တို့လို တရားဝင်ဖေ့စ်ဘွတ်စာမျက်နှာတွေမှာ အခုဖော်ပြခဲ့တဲ့ အစီအစဉ်ဖော်ပြချက်မျိုး မရှိပါဘူး။ အခု ဆမ်ဆောင်း၊ တိုယိုတာအမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာတွေဟာလည်း မကြာသေးခင်ကမှ စတင်ခဲ့တဲ့ ဖေ့စ်ဘွတ်စာမျက်နှာတွေဖြစ်ပြီး ဒီလိုစာမျက်နှာတွေဟာ အထက်ပါ ကုမ္ပဏီတွေနဲ့ စပ်ဆက်နေတယ်ဆိုတဲ့ အထောက်အထား Fact Crescendo Myanmar အနေနဲ့ မတွေ့ရှိပါဘူး။

အခုလို နာမည်ကြီး အမှတ်တံဆိပ်တွေကို အသုံးပြုပြီး ပဟေဠိဖြေရုံနဲ့ တန်ဖိုးကြီး ပစ္စည်းတွေ‌ပေးနေတယ်ဆိုတဲ့ စာမျက်နှာတွေဟာ သူတို့ပို့စ်ကို မှတ်ချက်ရေးဖို့၊ မျှဝေဖို့ တောင်းဆိုလေ့ရှိပြီး တခဏအတွင်း လူ‌တွေ အကြား ပျံ့နှံ့မှုများပြားလာအောင်လုပ်ဆောင်ပါတယ်။ ဒီလုပ်ရပ်မှာ ရည်ရွယ်ချက် ၂ ခုရှိတာတွေ့ရပြီး ဖေ့စ်ဘွတ် အသုံးပြုသူတွေရဲ့ ဖုန်းနံပါတ်လိုမျိုး ကိုယ်ရေးအချက်အလက်ပေးခဲ့ဖို့ တောင်းဆိုတာနဲ့ အခြားသော လင့်ခ်တစ်ခု ကို ထပ်မံဝင်ရောက်ဖို့ ညွှန်းဆိုပြီး ယူကျူ့သို့မဟုတ် အခြားသော ဘလော့ဂ်စာမျက်နှာတစ်ခုကို ရောက်သွား အောင် ဆောင်ရွက်ပါတယ်။ ဒီလိုရည်ရွယ်ချက် ၂ ခုထဲက ပထမ တစ်ခုမှာ နောက်ပိုင်းမှာ ငွေ‌ကြေးလိမ်လည်မှုတွေ လုပ်ဆောင်ဖို့ ရည်ရွယ်တာတွေ့ရပြီး နောက်တစ်ခုကတော့ လိမ်လည်လှည့်စားထားတဲ့ သတင်းတွေဖြန့်တဲ့ စာမျက်နှာနဲ့ ယူကျူ့ချန်နယ်တွေ တည်ထောင်ဖို့အတွက်ဖြစ်တယ်။

ကိုကာကိုလာကုမ္ပဏီအမည်ခံကာ ဖေ့စ်ဘွတ်အသုံးပြုသူတွေကို ဒီလိုလှည့်စားပြီး ရေခဲသေတ္တာတွေ အခမဲ့ လက်ဆောင်ပေးနေတယ် လို့ဆိုထားတဲ့ အတုအယောင်စာမျက်နှာကို Fact Crescendo Myanmar ၂၀၂၂ ခုနှစ်ထဲမှာ အချက်အလက်စိစစ်ခဲ့ပါသေးတယ်။ ဒီလင့်ခ်မှာ ကြည့်ပါ။

အခုလိုမျိုး ပဟေဠိဖြေတဲ့သူတွေကို ကားတွေ၊ ဖုန်းတွေ လက်ဆောင်ပေးနေပြီလို့ဆိုထားတဲ့ အတုအယောင် စာမျက်နှာတွေ သီရိလင်္ကာနိုင်ငံမှာလည်း ပျံ့နှံ့ခဲ့ပြီး Fact Crescendo Srilanka ကအချက်အလက်စိစစ်ထားတာ ဒီလင့်ခ်မှာကြည့်ပါ။

သုံးသပ်ချက်

ဆမ်ဆောင်း၊ တိုယိုတာစတဲ့ နာမည်ကြီး အမည်နာမနဲ့ အမှတ်တံဆိပ်တွေကို အသုံးပြုပြီး ဒီကုမ္ပဏီတွေနဲ့ သက်ဆိုင်သကဲ့သို့ အယောင်ဆောင်ထားတဲ့ ဖေ့စ်ဘွတ်စာမျက်နှာတွေသာဖြစ်တယ်။ ပဟေဠိအဖြေမှန်သူတွေကို ဖုန်း၊ကားစတဲ့ တန်ဖိုးကြီးလက်ဆောင်ပေးမယ်ဆိုတာလည်း မဟုတ်ဘဲ ဖေ့စ်ဘွတ်အသုံးပြုသူတွေကို လှည့်စား ထားခြင်းဖြစ်တယ်။

Avatar

Title:Fact Check: ပဟေဠိဖြေဆိုသူကို ဆမ်ဆောင်းဖုန်း၊တိုယိုတာကား လက်ဆောင်ပေး တယ်ဆိုတာ လိမ်လည်လှည့်စားမှုသာဖြစ်တယ်

Written By: Zun Zee

Result: Explainer