Fact Check: အိုင်းစတိုင်းရဲ့ ၉ အလီမှားယွင်းရေးသားခဲ့တဲ့ ဇာတ်လမ်းက တကယ်မဟုတ်ပါ

နိုင်ငံတကာ၊ | International

လူတိုင်းအမှားမကင်းကြောင်း ကျောင်းသားတွေကို သင်ခန်းစာပေးတဲ့အနေနဲ့ ၂၀ ရာစုရဲ့လွှမ်းမိုးမှုအရှိဆုံး သိပ္ပံပညာ ပညာရှင် အဲလ်ဘတ် အိုင်းစတိုင်း(Albert Einstein)က ရည်ရွယ်ချက်ရှိရှိ  ၉ အလီကိုမှားယွင်းရေးသား ခဲ့တဲ့ ဇာတ်လမ်းတစ်ခု ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြား ကြိမ်ဖန်များစွာမျှဝေလျှက်ရှိပြီး ပျံ့နှံ့မှုအားကောင်း လျှက်တယ်။  တကယ်တော့ ဒီဇာတ်လမ်းထဲလို ကတကယ်ပဲ အိုင်းစတိုင်းလုပ်ခဲ့သလားဆိုတာ အထောက်အထားမရှိပါဘူး။  

အိုင်းစတိုင်းဟာ ကျောင်းသားတွေတွေကို အမှားလုပ်မိတာဟာ အရေးမကြီးဘဲ လူတိုင်းမှားတတ်ကြောင်း ပြသတဲ့အနေနဲ့ သူဟာ ၉အလီကို အစဉ်လိုက် ကျောက်သင်ပုန်းပေါ်ချရေးခဲ့ပြီး ၉ ကို ၁၀ နဲ့ မြောက်လို့ရတဲ့ ရလာဒ်ကိုတော့ ၉၁ အဖြစ် ရည်ရွယ်ချက်ရှိရှိ အမှားပြုလုပ်ခဲ့ပါတယ်။ ကျောင်းသားတွေက အမှားကိုမြင်တော့ ရယ်မောကြတဲ့အခါ အိုင်းစတိုင်းက သူကြိမ်ဖန်များစွာမှန်ခဲ့ပေမဲ့ သူ့ကို မချီးကျူးကြဘဲ သူတကြိမ် မှားယွင်းမှုကိုတော့ ကဲ့ရဲ့တတ်ကြတဲ့ သဘောသဘာဝကို ထောက်ပြပြီး အမှားဟာ အရေးမကြီးကြောင်းနဲ့ အမှားကင်းတဲ့ သူဆိုတာ ဘာမှမလုပ်တဲ့သူသာဖြစ်ကြောင်း ကျောင်းသားတွေကို သင်ခန်းစာပေးခဲ့တယ်လို့ ဒီဖြန့်ဝေနေတဲ့ ပို့စ်တွေမှာရေးသားပါတယ်။

အောက်ပါ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ဗွီဒီယိုကို ဇွန် ၂၃ ရက်က ရိုက်ကူး ထားခြင်းဖြစ်တယ်။ လက်ရှိအချိန်အထိ ဖေ့စ်ဘွတ်အသုံးပြုသူ ၃ သန်းက ဒီဗွီဒီယိုကို ကြည့်ရှူ့ထားပြီး  ဖေ့စ်ဘွတ်အသုံးပြုသူ ၇၅၀၀၀ လောက်က ပြန်လည်မျှဝေထားပါတယ်။

မူရင်းလင်ခ့် – Fb link  | Archive link

တူညီတဲ့မျှဝေမှုကို ဒီနေရာမှာလည်းတွေ့ရတယ်။ ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ဒီပြောဆိုချက်အတိုင်းပဲ စာသားပုံစံနဲ၂၀၂၂ ခုနှစ် မေကလည်း ဖြန့်ဝေခဲ့သေးပြီး ဒီနေရာဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။

လူဟာ အမှားမကင်းနိုင်ဆိုတာ မြန်မာမှာလည်း လူကြိုက်များတဲ့ ဆောင်ပုဒ်တခုဖြစ်တယ်။ အခုလည်း လူဟာ အမှားမကင်းနိုင်ကြောင်း အိုင်းစတိုင်းလို ပညာရှင်ကြီးက သွန်သင်ပြသခဲ့တာဆိုတော့ အမှားမကင်းတဲ့ လောက အတွက် စိတ်ခွန်အားပေးစွမ်းနိုင်တဲ့ ဇာတ်လမ်းတစ်ခုအဖြစ် စိတ်တက်ကြွဖွယ်ရာပါ။ အချက်အလက်စိစစ် ကြည့်ရအောင်ပါ။

အချက်အလက်စိစစ်ချက်

နယူးကလီးယာစွမ်းအင်နဲ့ နယူးကလီးယာဗုံတည်ထွင်မှုရဲ့ လမ်းပြဖြစ်ခဲ့တဲ့ အလင်းရဲ့အလျင် ၂ ထပ်ကိန်းနဲ့ ‌ဒြပ်ထုမြောက်လဒ်က စွမ်းအင်ဖြစ်တယ်ဆိုတဲ့ နာမည်ကျော် E=MC2 ညီမျှခြင်းကို တီထွင်ခဲ့တဲ့ နိုဘယ်လ်ဆုရှင် လည်းဖြစ်တဲ့ အိုင်းစတိုင်းနဲ့ ပတ်သက်ပြီး မှတ်တမ်းအထောက် အထားတွေပြုစုကြတာတွေရှိပေမဲ့ ဒီလိုမျိုး စာသင်ခန်း တစ်ခုမှာ အိုင်းစတိုင်းက ပြောခဲ့တယ်ဆိုတဲ့အထောက် အထားမျိုး ယုံကြည်ရ‌လောက်တဲ့ အရင်းအမြစ်တွေက ဖော်ပြချက်မတွေ့ရပါဘူး။

ဒီလို စိတ်ခွန်အားဖြစ်စေတဲ့ ဇာတ်လမ်းဟာ မြန်မာနိုင်ငံမှာပဲ ပျံနှံ့ခဲ့တာတော့ မဟုတ်ပါဘူး။ အင်္ဂလိပ်ဘာသာ အသုံးပြုသူတွေအကြားမှာလည်း ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့ခဲ့ဖူးပြီး ဒီဇာတ်လမ်းဟာ မှားကြောင်း အိုင်း စတိုင်းရဲ့ အတ္ထုပ္ပတ္တိပြုစုထားချက်တွေနဲ့ သူ့အကြောင်းမှတ်တမ်းတင်နေသူတွေကို ကိုးကားပြီး Australian Associated Press ဝက်ဘ်ဆိုဒ်က ၂၀၂၂ ခုနှစ်ထဲမှာ အချက်အလက်စိစစ်ဖူးပါတယ်။ ဒီတက္ကသိုလ်တွေက ပြုစုထတ်ဝေခဲ့တဲ့ စာတွေအပါအဝင် ယုံကြည်ရလောက် ဘယ်လိုအရင်းအမြစ်တွေကမှာ ဒီဇာတ်လမ်းဟာ အိုင်းစတိုင်းနဲ့ သက်ဆိုင်တယ်ဆိုတာကို အတည်မပြုနိုင်ပါဘူး။

၂၀၁၁ ခုနှစ်က ပရင်စတန်တက္ကသိုလ်ကထုတ်တဲ့ အိုင်းစတိုင်းရဲ့ ပြောကြားချက်တွေထဲမှာ အမှားနဲ့ပတ်သက်တဲ့ ဖော်ပြချက် တွေရှိပါတယ်။ ၁၉၃၉ ခုနှစ်မှာ ဂျာမန်(နာဇီ)ထက် ဦးအောင် နယူးကလီးယား ‌လက်နက်လုပ်ဖို့ အမေရိကန် သမ္မတ ဖရန့်ကလင်ရုစဖဲ(Franklin Roosevelt)ကို စာရေးသားပေးဖို့ခဲ့မှုအ‌‌ပေါ် သူနောင်တရကြောင်း ၁၉၅၆ ခုနှစ်မှာ သူငယ်ချင်းဖြစ်သူ နိုဘယ်ဆုရ ဓာတုပညာရှင် လင်းနစ်ပေါလင်း(Linus Pauling)ကို ပြောခဲ့တာနဲ့ သိပ္ပံပညာရှင်တစ်ယောက်ဟာ သူကိုယ်တိုင် အမှားလုပ်မိတဲ့အခါ mimosa ပန်းကလေလိုပြုမှုပြီး တခြားသူတွေရဲ့ အမှားကို တွေ့ရှိတဲ့အခါ ဟောက်ခြင်္သေ့တကောင်လို ဟိန်းဟောက်တတ်တယ်ဆိုတဲ့ အကြောင်းတွေ‌ပဲဖြစ်ပါတယ်။

သုံးသပ်ချက်

နိုင်ငံတကာ ဖေ့စ်ဘွတ်စာမျက်နှာတွေမှာလည်း အမှားနဲ့ ပတ်သက်တဲ့ အိုင်းစတိုင်းရဲ့ ကျောင်းစာသင်ခန်းထဲက  ဘဝအစိတ်အပိုင်းအဖြစ်ဖော်ပြကြပေမဲ့ ဒီဇာတ်လမ်းကို သူ့အကြောင်းကို မှတ်တမ်းထင်တားတဲ့ ယုံကြည်ရ လောက် အရင်းအမြစ်တွေက ဖော်ပြချက်မဟုတ်ပါဘူး။  မှားလို့ လူတွေကဲ့ရဲ့တာကို ဂရုစိုက်မနေပဲ ကိုယ်ရည် မှန်းချက်ကို ရောက်အောင် ကြိုးစားဖို့ဆိုတဲ့ အိုင်းစတိုင်းရဲ့ သင်္ချာသင်ခန်းစာဟာ အထောက်အထားမဲ့ပြီး စိတ်ကူး ဖန်တီးဇာတ်လမ်းဖြစ်ဖို့ အလားအလာများပါတယ်။ ပြောဆိုချက်- ၉ အလီကိုမှားယွင်းရေးသားခဲ့တဲ့ အိုင်းစတိုင်း

Avatar

Title:Fact Check: အိုင်းစတိုင်းရဲ့ ၉ အလီမှားယွင်းရေးသားခဲ့တဲ့ ဇာတ်လမ်းက တကယ်မဟုတ်ပါ

Written By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *