
မြန်မာစစ်ခေါင်းဆောင်ရဲ့ သား အောင်ပြည့်စုံ ထိုင်းနိုင်ငံမှာ အဖမ်းခံထားရပြီး ၂၄ နာရီအတွင်း ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ဖို့နဲ့ မလွှတ်ရင် ဖမ်းထားတဲ့ သားဖြစ်သူကို သတ်ပစ်မယ်လို့ ထိုင်းဘက်က ပြောတယ်လို့ဆိုပြီး ဗွီဒီယို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ လုပ်ကြံရေးသားပြောဆိုချက်သာ ဖြစ်တယ်။
အောက်ပါစခရင်ရှော့ကတော့ ကြည့်ရှု့မှုများပြားနေတဲ့ ယူကျူ့ ဗွီဒီယိုနဲ့ ဒီဗွီဒီယို ပါစာသားကောက်နုတ်ချက်ဖြစ်ပါ တယ်။
“ထိုင်းနိုင်ငံမှာ အောင်ပြည့်စုံ အဖမ်းခံရ
(၂၄)နာရီအတွင်း အမေစုကို မလွတ်ပါက
အဖေကိုယ်စား သတ်ပစ်မည်ဟု ထိုင်းပြော”
မူရင်းလင်ခ့် – Youtube link | Archive link
အချက်အလက်စိစစ်ချက်
ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Star Vibes”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာ ဖော်ပြခဲ့ပြီး ဖြစ်တဲ့ သတင်းတွေကို သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိတာနဲ့ လုပ်ကြံရေးသားပြောဆိုချက်တွေ ဖြန့်ဝေတာတွေ လုပ်နေတဲ့ ချန်နယ်တခုဖြစ်တာတွေ့ရပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar အနေနဲ့ မကြာခဏ အချက်အလက်စိစစ်ဖော်ပြခဲ့ပြီးဖြစ်တယ်။ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။
ဒီအပြင် ဖြန့်ဝေထားတဲ့ သတင်းမှား ဗွီဒီယိုကိုကို ကြည့်မယ်ဆိုရင်လည်း ဗွီဒီယိုထဲမှာ အသံဖိုင်နဲ့ ပြောကြားမှုမှာ စစ်ခေါင်းဆောင်ရဲ့ သား အောင်ပြည့်စုံကို အွန်လိုင်းလိမ်လည်မှုနဲ့ ထိုင်းစစ်တပ်က ဖမ်းဆီးလိုက်တယ်လို့ ဖော်ပြထားတယ်။ ဒီပြောဆိုချက်ကို ယုံကြည်ရလောက်သတင်းအရင်းအမြစ်တွေမှာဖော်ပြချက်မရှိပါဘူး။
ဒီလိုပဲ နောက်ထပ် ဒီဗွီဒီယိုတွေထဲမှာပါတဲ့အကြောင်းအရာတွေဟာ လွတ်လပ်တဲ့အာရှအသံ သတင်းဌာနက ဖော်ပြခဲ့တဲ့ “မြန်မာ ခုနှစ်ဦးနဲ့ စက်လှေနှစ်စီးကို ထိုင်းရေတပ်ဖမ်းဆီး”နဲ့ မဲခေါင်သတင်းဌာနကဖော်ပြခဲ့တဲ့ “BGF ခေါင်းဆောင် စောချစ်သူကို ဖမ်းမိလျှင် ခဲတစ်လုံးနှင့်ငှက် အကောင် ၁၀၀ ထိမည်ဟု ထိုင်းလွှတ်တော်အမတ် အစိုးရထံ တိုက်တွန်း”စတဲ့ သတင်းတွေကို ပြန်လည်ကူးယူဖော်ပြထားတယ်။
သုံးသပ်ချက်
မြန်မာစစ်ခေါင်းဆောင်ရဲ့ သား အောင်ပြည့်စုံ ထိုင်းနိုင်ငံမှာ အဖမ်းခံထားရတယ်ဆိုတာမဟုတ်သလို ဒေါ်အောင်ဆန်းစုကြည်ကို ၂၄ နာရီအတွင်း ပြန်လွှတ်ဖို့နဲ့ မလွှတ်ရင် ဖမ်းထားတဲ့ သားဖြစ်သူကို သတ်ပစ်မယ်လို့ ထိုင်းဘက်က ပြောတယ်ဆိုတာလည်းမဟုတ်ပါဘူး။ “Star Vibes”ဟာ အခုလိုပဲ လုပ်ကြံရေးသားချက်တွေ ဖြန့်ဝေနေတဲ့ ချန်နယ်တခုဖြစ်တယ်။

Title:Fact Check: ဒေါ်အောင်ဆန်းစုကြည်ကို ပြန်မလွှတ်ရင် ဖမ်းထားတဲ့ စစ်ခေါင်းဆောင်ရဲ့ သားကို သတ်ပစ်မယ်လို့ ထိုင်းပြောတဲ့ သတင်းတု
Written By: နေရာမောင်Result: False