
စစ်ခေါင်းဆောင် မျောက်ကျောက်ရောဂါ ကူးစက်ခံရပြီး သေဆုံးသွားတယ်ဆိုပြီး ဗွီဒီယို ယူကျူ့ချန်နယ်တခု ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်းနေ တာတွေ့ရပါတယ်။ သတင်းတုဖြန့်ချိနေခြင်းသာဖြစ်တယ်။
အောက်ပါစခရင်ရှော့ကတော့ ဒီလိုပြောဆိုဖြန့်ဝေထားပြီး ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ ဗွီဒီယိုပါစာသားကောက်နုတ်ချက်ကိုလည်း ကြည့်ပါ။
“ဖေဖော်ဝါရီ (၂၁)ရက်နေ့ အထူးသတင်းကောင်းလာပြီဟေ့
တနိုင်ငံလုံး အောင်ပွဲခံလို့ရပြီဟေ့
မျောက်ကျောက်ရောဂါနဲ့ မအလ သေပြီ(လုံးဝ)ဂျင်း
မဟုတ်ဘူး ရန်ကုန်ခေတ်သစ်တရားဝင်ကြေညာပြီ”
မူရင်းလင်ခ့် – Youtube link | Archive link
အချက်အလက်စိစစ်ချက်
ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Burma Television”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က သတင်းတွေကို ကူးယူပြီး သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိတာတွေလုပ်တဲ့နေရာတခုဖြစ်တာတွေ့ရတယ်။
အခုလည်း တကယ်တမ်း ဗွီဒီယိုထဲမှာပါတဲ့ အကြောင်းအရာဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနက ဖေဖော်ဝါရီ ၂၁ ရက်မှာပဲ ဖော်ပြခဲ့တဲ့ “နေပြည်တော်တွင် စစ်ရေးပြ လျှောက်မည့် စစ်သားများကို ကျွေးမွေးရေးတာဝန်ယူ ထားသော ထောက်ပို့စစ်သား ၂၀ ဦးတွင် မျောက်ကျောက်ရောဂါ ကူးစက်ခံရ”ဆိုတဲ့ သတင်းကို ခေါင်းစဉ်တုတပ်ထားခြင်းဖြစ်တာတွေ့ရတယ်။
၈ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲမှာ နောက်ထပ် သတင်းတွေကတော့ “မန္တလေးတိုင်းစစ်ကောင်စီ အစိုးရ အဖွဲ့ရုံးအနီး လုယက်မှုဖြစ်ပွား”၊ “ချောင်းဦးနှင့် ပေါင်းတည်မြို့နယ်တို့တွင် စစ်တပ် အထိုင်စခန်း နှင့်စစ်ကြောင်းများကို တော်လှန်ရေးတပ်များက တိုက်ခိုက်”၊ “ပေါက်တောမြို့ပေါ်နှင့် ကျေးရွာ ၁၂ ခုကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးအလုံး ၅၀ ကျော် ကျဲချမှု ပြည်သူ ၄ ဦးသေဆုံးပြီး ၁၇ ဦးဒဏ်ရာရရှိ” စတဲ့ သတင်းတွေကို ပြန်လည်ဖော်ပြထားတယ်။
သုံးသပ်ချက်
စစ်ခေါင်းဆောင် မျောက်ကျောက်ရောဂါ ကူးစက်ခံရပြီး သေဆုံးသွားတယ်ဆိုတာ မဟုတ်ပါ ဘူး။ ရန်ကုန်ခေတ်သစ်သတင်းဌာနကဖော်ပြခဲ့တဲ့ နေပြည်တော်မှာ စစ်ရေးပြ လျှောက်မယ် စစ်သားတွေ ကျွေးမွေးရေးတာဝန်ယူထားတဲ့ ထောက်ပို့စစ်သား ၂၀ မှာ မျောက်ကျောက်ရောဂါ ကူးစက်ခံရတယ်ဆိုတဲ့ သတင်းကို ခေါင်းစဉ်တု တပ်ထားခြင်းဖြစ်တယ်။

Title:Fact Check: စစ်ခေါင်းဆောင် မျောက်ကျောက်ရောဂါနဲ့ သေဆုံးတဲ့ သတင်းတု
Written By: နေရာမောင်Result: False