
ရန်ကုန်က ဓာတ်ဆီဆိုင်တစ်ဆိုင်ရှေ့မှာ ဆီဖြည့်ဖို့ တမျှော်တခေါ် တန်းစီနေကြရတဲ့ကားတန်းကြီးဆိုပြီး ဓာတ်ပုံတစ်ပုံ ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့မှုအားကောင်းခဲ့ပါတယ်။ ရန်ကုန်နဲ့ မန္တလေးမှာ ယနေ့(ဧပြီ ၁၉ ရက်)ကစပြီး ဓာတ်ဆီအကြပ်အတည်းဖြစ်ပေါ်နေပြီး အချို့ဆိုင်တွေမှာ ကန့်သတ်ရောင်းချမှုတွေရှိပါတယ်။ (သတင်းတွေကို ဒီနေရာ၊ဒီနေရာမှာတွေ့ရပါတယ်)
ဒီလိုအခြေအနေမှာပဲ ဓာတ်ဆီဆိုင်တစ်ဆိုင်လို့ ယူဆရတဲ့ နေရာတစ်ခုရှေ့မှာ ကားတွေ ဘေးပတ်ပတ်လည်က စီတန်းနေတဲ့ ဓာတ်ပုံနဲ့အတူ “The Modern Cook”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက“ရန်ကုန်မြို့ရဲ့ ဓာတ်ဆီ ဆိုင်တစ်ဆိုင်ရှေ့ နွေနေပူပူမှာ ဆီဖြည့်ဖို့ တမျှော်တခေါ် တန်းစီနေကြရတဲ့ ကားတန်းကြီး … Photo – Aung Myo Htay” စသည်ဖြင့် ရေးသားပြီး ဓာတ်ပုံကိုအောက်ပါအတိုင်းမျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၁၁၀ ရှိပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ဒီနေရာမှာလည်းတွေ့ရပါတယ်။
အချက်အလက်စိစစ်ချက်
ပျံ့နှံ့ခဲ့တဲ့ပို့စ်တွေအောက်မှာ ဒီဓာတ်ပုံဟာမြန်မာနိုင်ငံမဟုတ်ဘူးဆိုပြီးတော့ ဖေ့စ်ဘွတ်အသုံးပြုသူအချို့က မှတ်ချက်ပြုထားတာတွေ့ရပါတယ်။ ဓာတ်ပုံကို Google မှာ ပုံပြန်လည်ရှာဖွေနည်းအသုံးပြုရှာဖွေကြည့်ရာမှာ အောက်ပါအတိုင်းတွေ့ရပါတယ်။
ရုရှားရုပ်သံလိုင်းတစ်ခုဖြစ်တဲ့ Ruptly ရုပ်သံက ၂၀၂၀ ခုနှစ် ဧပြီ ၂၄ ရက်က “ဆူဒန်နိုင်ငံတွင် လောင်စာဆီ ပြတ်တောက်မှုဖြစ်ပြီး Khartoum ဓာတ်ဆီဆိုင်ရှေ့တွင် ကားတန်းရှည်ကြီးဖြစ်နေတာကို ဒရုန်းဖြင့် မှတ်တမ်းတင်ခဲ့”လို့ခေါင်းစဉ်တပ်ရေးသားထားတဲ့ သတင်းရုပ်သံမှာ ဒီဓာတ်ပုံပါမြင်ကွင်းကိုတွေ့ရပါတယ်။

မူရင်းလင်ခ့် – Ruptly | Archive link
သုံးသပ်ချက်
ယနေ့ ရန်ကုန်နဲ့ မန္တလေးမှာ ဓာတ်ဆီကိုအကန့်အသတ်နဲ့ရောင်းချပြီးနောက် ဆီဆိုင်တွေရှေ့မှာ ကားတွေကြပ်ပြီး တန်းဆီစောင့်ဆိုင်းနေရတာရှိပေမဲ့ အထက်ပါကောင်းကင်ဓာတ်ပုံဟာ ဆူဒန်နိုင်ငံမှာ ကိုဗစ်ကာလအတွင်း ဓာတ်ဆီပြတ်လပ်မှုအဖြစ်အပျက်က ဓာတ်ပုံဖြစ်တာတွေ့ရပါတယ်။

Title:Fact Check: ၂၀၂၀ ခုနှစ်အတွင်းက ဆူဒန်နိုင်ငံလောင်စာပြတ်လပ်မှု မြင်ကွင်း ဓာတ်ပုံဟာ မြန်မာနိုင်ငံကအဖြစ် ပျံ့နှံ့မှုအားကောင်းနေ
Fact Check By: Nayar MaungResult: Missing Context