Fact Check: အမေရိကန်သမ္မတ ထရမ့်က ကေအန်ယူကို ဂုဏ်ပြုစကား‌ပြောတယ်ဆိုတဲ့ သတင်းတု

False နိုင်ငံရေး | Politics

အမေရိကန်သမ္မတ ထရမ့်က ကေအန်ယူ(KNU)ကို ဂုဏ်ပြုစကား‌ပြောတယ်ဆိုတဲ့ ဗွီဒီယိုတခု ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။ ဉာဏ်ရည်တု(AI)နည်းပညာအသုံးပြုပြီး စိတ်ကူးယဉ်ဖန်တီးထားတဲ့ ဗွီဒီယို တခုဖြစ်တာတွေ့ရတယ်။ 

ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ ရေးသား ဖြန့်ဝေမှုတွေကို ဒီနေရာဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရတယ်။

“KNU တပ်မဟာ 6/7 နယ်စပ် တလျှောက်မှာ ရှိတဲ့ နယ်ချဲ့စကစ စခန်းတချို့ကို တိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက်ပိုင်းမှာ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က KNU ကို ကျေးဇူးတင်စကား/ ချီးကျူးစကားများနှင့် ဂုဏ်ပြုစကားများကို ပြောပါတယ်

တဆက်တည်းမှာပဲ ကရင်ခွဲထွက်အဖွဲ့(DKBAငဘိ/DKBAစတီးလ်/KTLAဓားမြ/KPCထော့လေး/BGF-KNAချစ်သူ)တွေကို KNU နဲ့ အမြန်ဆုံးပြန်ပေါင်းဖို့ တပါတည်းပြောသွားခဲ့ပါတယ်”

Original link | Archive link

အချက်အလက်စိစစ်ချက်

အမေရိကန် သမ္မတ ထရမ့်က နယ်စပ်စခန်းတွေ တိုက်ခိုက်သိမ်းပိုက်နိုင်မှုအတွက် ကေအန်ယူကို သမ္မတထရမ့်က အင်္ဂလိပ်ဘာသာနဲ့ ဂုဏ်ပြုစကားဆိုနေတဲ့ဗွီဒီယိုကို လေ့လာကြည့်မယ်ဆိုရင် Viggle.ai ဆိုတဲ့ ရေစာအမှတ်အသားတခုကို တွေ့နိုင်ပါတယ်။

Viggle.ai ဟာ ဓာတ်ပုံတပုံကနေ စကားပြောရုပ်သံ ဗွီဒီယိုတွေ ဖန်တီးတာ၊ အသံတွေကို လိုအပ်သလို တုပလို့ရတဲ့  ဉာဏ်ရည်တု(AI)နည်းပညာ အသုံးပြုဝက်ဘ်ဆိုဒ်တခုဖြစ်တာတွေ့ရတယ်။

KNLA နဲ့ PDF ပူးပေါင်းတပ်တွေဟာ ထိုင်း-မြန်မာ နယ်စပ်တလျှောက်က မြန်မာစစ်တပ် စစ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်နေခဲ့ပြီး အောင်မြင်မှု အများအပြားရရှိထားတာကို သတင်းမီဒီယာတွေမှာဖော်ပြပါတယ်။ 

ဒါပေမဲ့ ဒီလိုအောင်မြင်မှုအတွက် သမ္မတထရမ့်က KNLA တပ်ဖွဲ့ရဲ့ ဦးသျှောင်အဖွဲ့ KNU ကို ဂုဏ်ပြုတယ်ဆိုတဲ့ သတင်းကိုတော့ ပြည်တွင်း ဒါမှမဟုတ် နိုင်ငံတကာသတင်းတွေမှာ မတွေ့ရပါဘူး။

အမေရိကန်သမ္မတရုံး အိမ်ဖြူတော်က သတင်းထုတ်ပြန်ချက်တွေမှာလည်း KNU ကို ရည်ညွှန်းပြောဆိုတဲ့ ထုတ်ပြန်ချက်မတွေ့ရဘဲ မြန်မာနိုင်ငံနဲ့ သက်ဆိုင်တဲ့ အိမ်ဖြူတော်ရဲ့ ထုတ်ပြန်ချက်ဟာ ဇူလိုင် ၇ ရက်က ထုတ်ပြန်ထားတဲ့ အခွန်တိုးကောက်ခံမယ့် ကိစ္စရပ်သာဖြစ်တယ်။

သုံးသပ်ချက်

အမေရိကန်သမ္မတ ထရမ့်က ကေအန်ယူကို ဂုဏ်ပြုစကား‌ပြောတယ်ဆိုတဲ့ ဗွီဒီယိုဟာ AI နည်းပညာအသုံးပြုပြီး စိတ်ကူးယဉ်ဖန်တီးထားတဲ့ ဗွီဒီယို တခုဖြစ်တာတွေ့ရချိန်မှာ သမ္မတထရမ့်က ဒီလိုပြောကြားခဲ့တယ်ဆိုတဲ့ အထောက်အထားလည်း ယုံကြည်ရတဲ့အရင်းအမြစ်တွေက ဖော်ပြချက်မရှိပါဘူး။

ပြောဆိုချက်- စစ်ရေးအောင်မြင်မှုအတွက် အမေရိကန်သမ္မတ ထရမ့်က ကေအန်ယူ(KNU)ကို ဂုဏ်ပြုစကား‌ပြောတယ်

Avatar

Title:Fact Check: အမေရိကန်သမ္မတ ထရမ့်က ကေအန်ယူကို ဂုဏ်ပြုစကား‌ပြောတယ်ဆိုတဲ့ သတင်းတု

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *