နှလုံးရုတ်တရက်ဖောက်ပြန်တဲ့အချိန် လူနာဟာ သတိလစ် မေ့မျောဖို့ ၁၀ စက္ကန့် လောက်ပဲကြတာကြောင့် ဆေးရုံကို သွားရောက်ဖို့အတွက် အခွင့်အလမ်းမရှိသေးချိန်မှာ အရေးပေါ်အနေနဲ့ ပြင်းပြင်းချောင်းဆိုးခြင်းက နှလုံးဖောက်ပြန်ပြီး သတိလစ်မေ့မြောမှုကို ကာကွယ်နိုင်တယ်လို့ ဆိုထားတဲ့ ပို့စ်တွေ ဖေ့စ်ဘွတ်မှာ မကြာခဏပျံ့နှံ့လျက်ရှိပါတယ်။ နားလည်မှုလွဲမှားစေနိုင်တဲ့ ပြောဆိုချက်သာဖြစ်ပါတယ်။
ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။ တူညီတဲ့ ပြောဆိုရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။
“လူတော်တော်များများ နှလုံးရောဂါ ထ
ဖောက်တဲ့အချိန် သူ့အနားမှာကူမဲ့သူ တယောက်
မှမရှိဘူး ၊ သူ့နှလုံးက ပုံမှန်မခုန်ဘူး ၊ သတိလစ်
မေ့မျောတော့မယ်၊ သတိလစ်ဖို့ ၁၀ စက္ကန့်
လောက်ပဲလိုတယ်.
ဒါပေမဲ့ အဲ့လိုအချိန်မှာ ကိုယ့်ဖာသာ
ကိုယ်ပြန်ပီးကူညီနိုင်တယ် –
👉👉👉 ချောင်းဆိုးမယ် ။ ချောင်းကို ခနခန ဆိုးမယ် ရင်ထဲကနေ လှိုက်လှိုက်ဆိုးမယ်( ချောင်းနက်ဆိုး) ကြာကြာဆိုးမယ် ၊
👉👉 ချောင်းတစ်ခေါက် မဆိုးခင်တိုင်းမှာ အသက်
်ပြင်းပြင်းရှူသွင်းမယ် ။ အဲ့လိုလုပ်ခြင်းအားဖြင့် ရင်ဘတ်ထဲက ချွဲ၊ သလိပ်တွေ ထွက်လာမယ်။
👉👉 အဲ့လိုမျိုး အသက်ရှူလိုက် ချောင်းဆိုးလိုက်ကို နှစ်စက္ကန့် တစ်ကြိမ်လောက် တစ်လှည့်စီ အဆက်
်မပြတ်လုပ်ပါ ။ အကူအညီမရောက်မခြင်း ( သို့ ) နှလုံးပုံမှန်အတိုင်းခုန်နေပြီလို့ မခံစားရမခြင်း။
အသက်ပြင်းပြင်းရှူခြင်းက အဆုတ်တွင်း
အောက်စီဂျင် ရစေတယ်၊ ချောင်းဆိုးခြင်းက နှလုံး
ကိုညှစ်ပေးတယ်၊ ဒါကြောင့် သွေ:လည်ပတ်မှု ကို
ထိန်းထားပေးတယ်။
👉👉 နှလုံးညှစ်ပေးနေတာကြောင့်လဲ နှလုံးခုန်နှုန်းပုံမှန်ပြန်ဖြစ်စေတယ်။ အဲ့လိုလုပ်ခြင်းအားဖြင့် နှလုံးရောဂါထဖောက်တဲ့လူနာကို ဆေ:ရုံပို့ပေး
နိုင်ဖို့ အချိန်ဆွဲထားပေးနိုင်တယ်။
ဒီအကြောင်းကို တတ်နိုင်သမျှ
လူတော်တော်များများကို ပြောပြပေးပါ။ အဲ့ဒါကသူတို့အသက်ကို ကယ်ပေးလိမ့်မယ်။”
အချက်အလက်စိစစ်ချက်
နှလုံးရုတ်တရက်ဖောက်ပြန်မှု(Heart Attack)ဖြစ်တဲ့ လူအတော်များများဟာ နောက်ဆက်တွဲ နာတာရှည် နှလုံး ပျက်စီးမှုဖြစ်ပေါ်ပေမဲ့ ပြန်လည်ကောင်းမွန်ပြီး အသက်ရှင်လေ့ရှိပါတယ်။ ဒါပေမဲ့ နှလုံးဖမ်းခြင်း(Cardic Arrest)မှာ အချောင်းပြင်းပြင်းဆိုးဖို့အတွက် လူနာအနေနဲ့ လုံလောက်တဲ့ အားစိုက်ထုတ်နိုင်စွမ်းရှိမှာ မဟုတ်သလို လူနာအနေနဲ့ တုန့်ပြန်မှုတောင် ရှိနိုင်မှာမဟုတ်ကြောင်း ပညာရှင်တွေက ထောက်ပြပါတယ်။ ဒီလို ချောင်း ပြင်းပြင်းဆိုးလို့ နှလုံးဖောက်ပြန်မှုကို သက်သာစေနိုင်တယ်ဆိုတာဟာ လေ့လာမှုတချို့နဲ့ ဆေးရုံတွေရဲ့ ကြပ်မတ်ကုသဆောင်မှာ တချို့သော နှလုံးဖောက်ပြန်မှုကို ကုသရာမှာ ပြင်းပြင်းချောင်းဆိုးခိုင်းတာကို ခြေခံပြီး နားလည်မှုလွဲမှားစွာပြောဆိုနေခြင်း ဖြစ်တယ်လို့ ဗြိတိန်နိုင်ငံ နှလုံးဖောက်ပြန်မှု အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။
အောက်ပါ စခရင်ရှော့ကတော့ ဒီလိုပျံ့နှံ့ခဲ့တဲ့ ပို့စ်တွေနဲ့ ပတ်သက်ပြီး ဗြိတိန်နိုင်ငံ နှလုံးဖောက်ပြန်မှု အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က ဖော်ပြထားတဲ့ စာသားဖြစ်တယ်။ အပြည့်အစုံကို ဒီလင့်ခ်မှာ ကြည့်ပါ။
အမေရိကန်နှလုံးဆိုင်ရာ အသင်းကလည်း ဒီလိုပြောဆိုချက်တွေဟာ အခြေအမြစ်မရှိဘဲ နှလုံးဖောက်ဝေဒနာ သည်တွေအတွက် အိမ်မှာလုပ်ရမယ့် နည်းလမ်းအဖြစ် အကြံမပြုကြောင်း တုန့်ပြန်ထားတယ်။ ဒီလင့်ခ်မှာ ကြည့်ပါ။
သုံးသပ်ချက်
နှလုံးရုတ်တရက်ဖောက်ပြန်မှုဖြစ်ပေါ်မှုတွေမှာ အထူးသဖြင့် နှလုံးဖမ်းခြင်း သို့မဟုတ် နှလုံးခုန်ရပ်တန့်သွားတဲ့ အခြေအနေတွေမှာ လူနာဟာ စက္ကန့်အနည်းငယ်အတွင်းမှာ သတိလစ် မေ့မျောဖို့များပါတယ်။ ဒီလိုအခြေအနေမှာ အချောင်းဆိုးဖို့ဆိုတဲ့ အားစိုက်ထုတ်နိုင်ခြေလည်း နည်းပါးပါတယ်။ တကယ်တော့ နှလုံးရုတ်တရက်ဖောက်ပြန်မှု ဘာကြောင့်ဖြစ်ရသလဲဆိုတာနဲ့ ဘယ်လို လက္ခဏာတွေဟာ နှလုံးဖောက်ပြန်ဖြစ်တယ်ဆိုတာ နားလည်ထားမှုကာ အဓိကကျပြီး အချောင်းအပြင်းအထန်ဆိုးခြင်းဟာ နှလုံးဖောက်ပြန်မှုအကုန်လုံးအတွက် သင့်တော်တဲ့ နည်းလမ်း မဟုတ်သလို အိမ်မှာ ပြုလုပ်ရတဲ့ နည်းလမ်းလည်း မဟုတ်ပါဘူး။
ပြောဆိုချက်- ပြင်းပြင်းချောင်းဆိုးခြင်းက နှလုံးရုတ်တရက်ဖောက်ပြန်မှုကို သက်သာစေတယ်

Title:Fact Check: ချောင်းဆိုးခြင်းက နှလုံးရုတ်တရက်ဖောက်ပြန်မှုကို သက်သာစေနိုင်တယ်ဆိုတဲ့ သတင်းမှား
Fact Check By: နေရာမောင်Result: Misleading