အမေရိကန်မှာ ပြည်သူတွေကို တမာရွက်ခြောက် လိုက်လံဝေငှနေတယ်ဆိုတဲ့သတင်းမှား

နိုင်ငံတကာ၊ | International လူမှုရေး၊

ဧပြီ ၁၃ ရက်အထိ အမေရိကန်ဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ လူဉီးရေ ၅၂၀၀၀၀ ကျော်ရှိနေပြီး သေဆုံးသူ ၂၀၀၀၀ ကျော်ရှိလာပြီး ကမ္ဘာမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု အဆိုးရွားဆုံးနိုင်ငံတစ်နိုင်ငံအဖြစ် ရင်ဆိုင်နေရပါတယ်။ ဧပြီ ၁၃  တစ်ရက်ထဲမှာပဲ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၉၂၈ ယောက်အသက်ဆုံးရှုံးခဲ့ရပါတယ်။

ဒီလိုအခြေအနေမျိုးမှာ အမေရိကန်မှာ ပြည်သူတွေကို တမာရွက်ခြောက် လိုက်လံဝေငှနေတယ်ဆိုတဲ့ ပို့စ်တစ်ခုကို “ဟာသရပ်ကွက် (၂)” အမည်နဲ့ဖေ့စ်ဘွတ်အုပ်စုထဲမှာ “Shwe Yote Min Mu”အမည်နဲ့ လူမှုကွန်ယက်သုံးစွဲသူက မျှဝေထားတာတွေ့ရပါတယ်။

“အမေရိကန် ပြည်ထောင်စုတွင် ပြည်သူများအား တမာရွက်ခြောက်များ လိုက်လံဝေငှနေတာဖြစ်ပါတယ်။ မြန်မာပြည်က ဆေးနည်း ကမ္ဘာကျော်ခဲ့ပါပြီ။မောင်လေး တမာရွက်စားပေးရတယ်ဆိုတဲ့ အသံပိုင်ရှင်အမကြီးကိုလဲ  နိုဘယ်ဆုပေးဖို့ လိုက်ရှာနေတယ်လို့ သတင်းရပါတယ်”ဆိုပြီးတော့ မျှဝေထားတာဖြစ်ပါတယ်။ 

Fb linkArchive link

ကိုရိုနာဗိုင်းရပ်စ်ကုသဆေးနဲ့ ပတ်သက်ပြီးအမျိုးမျိုးထင်မြင်ချက်ပေးရေးသားနေကြချိန်မှာ ဒီပို့စ်ဟာ တစ်စုံတစ်ခုကို ထင်ယောင်ထင်မှားဖြစ်စေနိုင်တာတွေ့ရှိရပါတယ်။ 

မျှဝေထားတဲ့ပို့စ်အောက်မှာ မှတ်ချက်ရေးသူအများအပြားက ဒီဟာက ဆေးခြောက်တွေဖြစ်တယ်ဆိုပြီးတော့ မှတ်ချက်ပေးထားကြတာတွေ့ရပါတယ်။ အချက်အလက်စိစစ်ကြည့်ရအောင်ပါ။

အချက်အလက်စိစစ်ချက်

အခုမျှဝေထားတဲ့ပုံကို Google မှာ ပုံပြောင်းပြန်ရှာနည်းအသုံးပြုပြီး ရှာဖွေရာမှာ ဟာသလုပ်ထားတဲ့ ပုံတွေ အမြောက်အများတွေ့ရပါတယ်။ ရလဒ်တွေထဲက စာမျက်နှာ ၂ က ရလာဒ်တွေကို ကြည့်မယ်ဆိုရင် အောက်ပါ အတိုင်းတွေ့ရပါတယ်။

၂၀၁၇ ခုနှစ် မတ် ၂၆ ရက်စွဲနဲ့ နယူးယောက်ပို့စ်ဆိုတဲ့ သတင်းဌာနက ရေးသားတဲ့ သတင်းတစ်ပုဒ်ကို တွေ့ရှိခဲ့ ရပါတယ်။ မီးလောင်မှုဖြစ်ပွားတာကြောင့် မီးသတ်သမားတွေက မီးငြိမ်းသတ်ပြီးချိန်မှာ ဆေးခြောက် အများအပြားစိုက်ထားတဲ့ ခြံကိုတွေ့ရှိခဲ့ရတာကြောင့် ရဲတပ်ဖွဲ့ကို အကြောင်းကြားချိန်မှာ ရဲတပ်ဖွဲ့က လာရောက်သိမ်းဆည်းခဲ့တာဖြစ်ပါတယ်။ ပုံကတော့ ဘရွန်နက်စ်ရပ်ကွက် ချက်ထရွန် ရိပ်သာက  ဆေးခြောက်(marijuana)အိတ်တွေကို ရဲတွေက သိမ်းဆည်းခဲ့တဲ့ ပုံဖြစ်ပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။ 

NypostArchive link

သုံးသပ်ချက်

အထက်က အချက်အလက်တွေအရ အမေရိကန်မှာ ပြည်သူတွေကို တမာရွက်ခြောက် လိုက်လံဝေငှနေတယ်ဆို တာ သတင်းမှားသာဖြစ်ပြီး ဓာတ်ပုံဟာ ၂၀၁၇ ခုနှစ်က ဘရွန်နက်စ်ရပ်ကွက် ချက်ထရွန် ရိပ်သာက ဆေးခြောက် အိတ်တွေကို ရဲတွေက သိမ်းဆည်းခဲ့တဲ့ ပုံဖြစ်ပါတယ်။

Avatar

Title:အမေရိကန်မှာ ပြည်သူတွေကို တမာရွက်ခြောက် လိုက်လံဝေငှနေတယ်ဆိုတဲ့သတင်းမှား

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *