
ဘဏ်ပေါင်း ၂၀၀ ကျော်ကို ဟတ်ကင်းလုပ်ပြီး ရတဲ့ငွေ အမေရိကန်ဒေါ်လာ သန်း ၄၀၀ ကျော်ကို တစ်ပြားမှ မသုံးဘဲ အာဖရိကနဲ့ပါလက်စတိုင်း ဒုက္ခသည်တွေကို လှူဒါန်းခဲ့တဲ့ ကွန်ပျူတာပညာရှင် ဟမ်းဇာဆိုပြီးတော့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျှက်ရှိပါတယ်။ ပိုမိုကောင်းမွန်တဲ့ ငြိမ်းချမ်းတဲ့ကမ္ဘာကြီး တည်ဆောက်ဖို့ အတွက် အသုံးမချဘူးဆိုရင် ငွေကြေးနဲ့ရာထူးအာဏာဆိုတာအလကားပဲလို့ သူဟာ ကြိုးမိန့်ပေးခဲ့ရပေမဲ့ နောက်ဆုံးအချိန်မှာ အခုလို ရယ်ပြုံးပြီးတော့ပြောခဲ့တယ်လို့လည်း ပျံ့နှံ့ခဲ့တဲ့ပို့စ် မှာပါဝင်ပါတယ်။
အောက်ပါစာသားတွေကတော့ ပျံ့နှံ့လျှက်ရှိတဲ့ လူမှုကွန်ယက်ပို့စ်ပါစာသားများဖြစ်ပါတယ်။
“ဒို့နိုင်ငံကအဘတွေထက် မင်းမြတ်တယ် ဟမ်း
—————————-
ဟမ်ဇား၏ ကမ္ဘာကိုပြောခဲ့သောစကား
***************************
သူ့နာမည်က ဟမ်ဇား
ဘဏ်ပေါင်း ၂၁၇ ခုကို ဟက်ကင်းလုပ် ထိုးဖောက်၀င်ရောက်ပြီးး ကန် ဒေါ်လာ သန်း ၄၀၀ ကျော် ခိုးယူခဲ့ပါတယ်… ပြီးတော့ အဲ့ဒီငွေအားလုံးကို အာဖရိကနဲ့ ပါလက်စတိုင်းဒေသမှ က ဒုက္ခသည်တွေအတွက် သူ့အတွက် တစ်ပြား တစ်ချပ် မှ မကျန် အောင် လှူဒါန်းခဲ့ပါတယ်…
ဖမ်းဆီးခံရပြီး နောက် အမြင့်ဆုံး ပြစ်ဒဏ် ဖြစ်တဲ့ ကြိုးမိန့် သေဒဏ် ချမှတ်ခံခဲ့ရပါတယ်
သေဒဏ်မချမှတ်ခင် နောက်ဆုံး
သူပြောတဲ့ စကားက…
” ကျနော် ဒီပြစ်မှု အတွက် ၀န်ချတောင်းပန်ဖို့ မရှိပါဘူး” တဲ့
ပြီးတော့ ကမ္ဘာကြီးအတွက် သတင်းစကားပါးတစ်ခု ပါးလိုက်ချင် ပါတယ် တဲ့
” ပိုမိုကောင်းမွန်တဲ့ ငြိမ်းချမ်းတဲ့ ကမ္ဘာကြီးကို ဖန်တီးတည်ဆောက်ဖို့ အသုံးမချခဲ့ဘူး ဆိုရင်…
ငွေကြေးနဲ့ ရာထူးအာဏာ ဆိုတာ အလကားပါ ဘာမှမဟုတ်ပါဘူးး ”
လို့အပြုံးလေးနဲ့ ပြောသွားခဲ့ပါတယ်….
#cd …original writer
Hamza
Via KhinMaungHtay
Aung Ko Ko Aung”

မူရင်းလင်ခ့် – FB link | Archive link
အလားတူတဲ့မျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ဒီနေရာမှာလည်းတွေ့ရပါတယ်။
အချက်အလက်စိစစ်ကြည့်ရအောင်ပါ။
အချက်အလက်စိစစ်ချက်
ပထမဆုံး ဓာတ်ပုံကို Google မှာပုံရှာနည်းအသုံးပြုပြီး အကြောင်းအရာကိုရှာကြည့်ရာမှာ အယ်ဂျီးရီးယား ဟတ်ကာ ဟမ်းဇာ ဘန်ဒယ်လာဂျ်(Hamza Bendelladj)ဆိုပြီးတော့ ရလာဒ်မှာပြသပါတယ်။

အယ်ဂျီးရီးယား ကွန်ပျူတာဟတ်ကာ ဟမ်းဇာဟာ ကမ္ဘာတစ်ဝှမ်းရှိ ဘဏ်နဲ့ ငွေရေးကြေးရေး ကုမ္ပဏီပေါင်း ၂၁၇ ကျော်က ဘဏ်အကောင့်များစွာထဲကို ဝင်ရောက်ခိုးယူခဲ့ပြီး ဒေါ်လာသန်းပေါင်းများစွာ ခိုးယူမှုနဲ့ အမေရိကန် အာဏာပိုင်တွေကအလိုရှိနေသူဖြစ်ပြီး ၂၀၁၃ ခုနှစ်မှာ ထိုင်းနိုင်ငံမှာ အဖမ်းခံရပါတယ်။ သူအဖမ်းခံရစဉ် ဓာတ်ပုံတွေကို ဒီနေရာမှာတွေ့နိုင်ပါတယ်။ သူဟာ ဒီစကားတွေကိုပြောခဲ့တယ်ဆိုတဲ့အထောက်အထားလည်း အဓိကကျတဲ့ မီဒီယာတွေမှာဖော်ပြချက် မတွေ့ရပါဘူး။
သူအကြောင်းကို သတင်းမှားရော သတင်းမှန်တွေရော အများအပြားတွေ့ရပါတယ်။ ယုံကြည်ရလောက်တဲ့သတင်း အရင်းအမြစ်ဖြစ်တဲ့ ဘီဘီစီသတင်းဖော်ပြချက်ပါ အချက်အလက်ကို ပထမဆုံးကြည့်ကြည့်ရအောင်ပါ။
“ပိုက်ဆံနဲ့ သူဘာလုပ်ခဲ့သလဲလို့ မေးတဲ့အခါ သူက ခရီးထွက်ပြီး ပထမတန်းစား လေယာဉ်ပျံနဲ့ ဇိမ်ခံနေရာတွေမှာ နေရတာလိုမျိုး ဇိမ်ခံဘဝနဲ့ ခရီးထွက်ခဲ့ရတယ်”လို့ လူဝင်မှုကြီးကြပ်ရေး ရဲချုပ် ဖာနူးခါလာဖုန်း(Pharnu Kerdlarpphon)က သတင်းထောက်တွေကို ပြောပါတယ်။

မူရင်းလင်ခ့် – BBC | Archive link
အမေရိကန်တရားရေးဌာနက ၂၀၁၅ ခုနှစ်မှာ ဖေဖော်ဝါရီ ၂ ရက်မှာထုတ်ပြန်တဲ့ ထုတ်ပြန်ချက်မှာလည်း ဟမ်းဇာ ဟာ ရတဲ့ငွေကိုဘယ်လိုလုပ်ခဲ့ သလဲဆိုတာ မပါဝင်ပါဘူး။ သူနဲ့လုပ်ဖော်ကိုင်ဖက် ရုရှားဟတ်ကာ အလက်ဇန္ဒာ အန်ဒရီဗင့်ပနင်(Aleksandr Andreevich Panin)ဟာ အမေရိကန်နိုင်ငံတရားရုံးက ထောင်ဒဏ် ၁၅ နှစ်နဲ့ ကိုးနှစ်ခွဲစီအသီးသီးရချမှတ်ခံခဲ့ရပါတယ်။

မူရင်းလင်ခ့် – FBI| Archive link
သူ့ကို ဒုက္ခသည်တွေကို လှူဒါန်းခဲ့တဲ့ သူရဲကောင်းအဖြစ် လူမှုကွန်ယက်မှာ ပုံဖော်ရေးသားမျှဝေလျက်ရှိတာကို အခြားသောဘာသာ စကားအသုံး ပြုသူတွေအကြားမှာလည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်တဲ့ အဖွဲ့အစည်း အတော် များများက ပြီးခဲ့တဲ့ နှစ်အငယ်းအတွင်းမှာ အချက်အလက်စိစစ်ခဲ့တာရှိပါတယ်။ ဒီလင့်ခ်၊ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာ ကြည့်ပါ။
ထို့အပြင် ဓာတ်ပုံထဲကနောက်ဆုံးဓာတ်ပုံတစ်ပုံဖြစ်တဲ့ ကြိုးကွင်းစွပ်ခံထားရတဲ့အမျိုးသားတစ်ဦးဓာတ်ပုံဟာ ကွန်ပျူတာ ဟတ်ကာ ဟမ်ဇာ မဟုတ်ပါဘူး။ ၂ အီရန်နိုင်ငံ တီဟီရန်မှာ တရားသူကြီးတစ်ဦးကို သတ်မှုနဲ့ ၀၀၇ ခုနှစ်က အများပြည်သူရှေ့မှာ ကြိုးပေးခံခဲ့ရတဲ့ မဂျက်ကာဗူးဆီဖာ(Majid Kavousifar)ဖြစ်ပါတယ်။

မူရင်းလင်ခ့် – BBC | Archive link
ဒီဓာတ်ပုံဟာ ကြိုးပေးခံရတဲ့ ဟမ်ဇာအဖြစ်သတင်းမှားပျံ့နှံ့ခဲ့ဖူးပြီး Fact Crescendo Malayalam က အချက်အလက်စိစစ်ထားတာကို ဒီလင့်ခ့်မှာကြည့်နိုင်ပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ ဟမ်ဇာဟာ ဟတ်ကင်းလုပ်ပြီး ရတဲ့ငွေ အမေရိကန်ဒေါ်လာ သန်း ၄၀၀ ကျော်ကို အာဖရိကနဲ့ပါလက်စတိုင်း ဒုက္ခသည်တွေကို လှူဒါန်းခဲ့တယ်ဆိုတဲ့အချက်အလက်ဟာ အထောက် အထားကင်းမဲ့ပါတယ်။ ဟမ်ဇာဟာ ထောင် ၁၅ နှစ်ချမှတ်ခံရတာဖြစ်ပြီး ကြိုးပေးခံရတာမဟုတ်ပါဘူး။ ကြိုးပေးခံရတဲ့ဓာတ်ပုံ လူသတ်မှုစွဲချက်တင်ခံရတဲ့ အီရန်အမျိုးသား မဂျက်ကာဗူးဆီဖာဖြစ်ပါတယ်။

Title:Fact Check: ဒေါ်လာသန်း ၄၀၀ ကိုဟတ်ကင်းလုပ်ပြီး ဒုက္ခသည်တွေကို လှူဒါန်းခဲ့သူလား-မဟုတ်ပါ
Fact Check By: Nayar MaungResult: Misleading