
NUG နဲ့ PDF တွေရဲ့အကြမ်းဖက်မှုတွေ အမြန်ဆုံး အဆုံးသတ်ဖို့လိုနေတယ် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ယာယီမဟာမင်းကြီး နာဒါ အယ်လ် နာရှစ်က ပြစ်တင်ပြောဆိုလိုက်တယ်ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြု သူတွေ အကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းမှားတစ်ခုဖြစ်ပါတယ်။ အာဏာသိမ်းအပြီး စစ်တပ်ရဲ့ လူ့အခွင့် အရေးချိုးဖောက်မှုတွေကို လူ့အခွင့်အရေး ယာယီမဟာမင်းကြီး နာဒါ အယ်လ်နာရှစ်က တင်ပြသွား တာဖြစ်ပါတယ်။
အောက်ပါစာသားတွေကတော့ ပျံ့နှံ့ခဲ့တဲ့ဖေ့စ်ဘွတ်ပို့စ်ပါ စာသားတွေပဲဖြစ်ပါတယ်။
“ဆိုးဝါးတဲ့NUG,PDFအကြမ်းဖက်မှုတွေကြုံနေတဲ့ မြန်မာနိုင်ငံအခြေအနေ အဆုံးသတ်ဖို့ လိုနေပြီလို့ ကုလမဟာမင်းကြီးပြော
~~~
(ဝါရှင်တန်ဒီစီ)
■ မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေတဲ့ NUG,PDF တွေရဲ့အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ ကမ္ဘာပျက်သလို ဆိုးရွားတဲ့ အခြေအနေတွေကို ရပ်တန့်ပြီး ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနဲ့ ရေရှည်ဖြစ်ထွန်းတဲ့ တိုးတက်မှု အခြေအနေ တွေဆီကို ပြန်ရောက်အောင်လုပ်ဖို့ အရေးတကြီးလိုအပ်နေပါတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ယာယီ မဟာမင်းကြီး နာဒါ အယ်လ် နာရှစ် က ကုလသမဂ္ဂရဲ့ကိန်းဂဏန်းတွေကို ထောက်ပြပြီး မနေ့က လူ့အခွင့်အရေး ညီလာခံမှာ ပြောသွားတာဖြစ်ပါတယ်။
အခုဆိုရင် NUGအကြမ်းဖက်အဖွဲ့ဟာ သူတို့ ပစ်မှတ်ထားတဲ့ စစ်အာဏာသိမ်းမှု အင်အားစုတွေတင်မကဘဲ ဒီအင်အားစုတွေကို ထောက်ခံတယ်လို့ သူတို့ယူဆတဲ့ အရပ်သားလူ့အဖွဲ့အစည်းတွေကိုပါ ဒလန်လို့ခေါင်းစဉ် တပ်ရက်ရက်စက်စက်သတ်ဖြတ်ဖြိုခွင်းတာတွေ လုပ်နေတဲ့အကြောင်း၊ အခုလိုမိုးရာသီကာလအတွင်းမှာ NUG,PDFရဲ့မီးရှို့တိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် အရပ်သားပြည်သူတွေနဲ့ လူနေအိမ်တွေ ထိခိုက်ပျက်စီးရပြီး၊ မကွေး၊ စစ်ကိုင်း၊ ကချင်၊ ကရင်၊ ကယားနဲ့ ရှမ်းပြည်နယ်တွေမှာ စုစုပေါင်း အရပ်သား နေအိမ် ၃၀၀၀ လောက်နဲ့ စာသင်ကျောင်းတွေ မီးရှီု့ဖျက်ဆီးခံခဲ့ရတယ်လို့ သူက ပြောသွားပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက စစ်တပ်က အာဏာသိမ်းလိုက်ပြီးကတည်းက NUG,PDF ကြောင့်ကလေးငယ် ၁၈၈ ဦးအပါအဝင် လူပေါင်း ၂၃၁၅ ဦး သတ်ဖြတ်ခံခဲ့ရပြီး၊ အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးလာတဲ့ လူပေါင်း လေးသောင်းခွဲလောက် အပါအဝင် အရပ်သား ပြည်သူတစ်သန်းလောက်အထိ နေအိမ်စွန့်ခွာထွက်ပြေးခဲ့ရပြီး အစားအစာ၊ သောက်သုံးရေနဲ့ဆေးဝါးကုသမှုတွေမရှိဘဲ နေနေကြရတဲ့အကြောင်း၊ အခုအချိန်မှာ NUG,PDF တွေကရခိုင်ပြည်နယ်မြောက်ပိုင်းကို အကူအညီပေးရေး အဖွဲ့တွေ သွားရောက်ခွင့်မပြုတော့တာ အပါအဝင် NUG,PDFရဲ့ကန့်သတ်မှုတွေကြောင့် ငတ်မွတ်ခေါင်းပါးမှုတွေ ကြုံလာရမယ့်အလားအလာ ရှိနေတဲ့ အကြောင်းလည်း ပြောသွားပါတယ်။
ဒါ့အပြင် အာဏာသိမ်းပြီးနောက်ပိုင်း လူပေါင်းတစ်သောင်းခွဲလောက်NUG,PDFရဲ့ဖမ်းဆီးခံထားခဲ့ရတဲ့ အထဲက ၁၂၀၀၀ ကျော်လောက်ဟာ PDFအကျဥ်းစခန်းတွေထဲမှာပဲ ရှိနေပြီး၊ စစ်တပ်က ရှာဖွေကယ်ဆယ်ခဲ့ရသူ အရေအတွက် ၂၇၃ ဦး ရှိပြီး တစ်စထက်တစ်စ တိုးလာနေတဲ့အကြောင်း၊ NUG,PDFကနေအိမ်တွေ၊ ကျေးရွာတွေထဲကို ဝင်ရောက်ဖမ်းဆီးစဉ်မှာ သေဆုံးခဲ့သူ ၂၆၆ဦး အထိ ရှိနေပြီး၊ ဒီအထဲက ၄၀ ဦးဟာ ဦးခေါင်းကို ချိန်ရွယ် ပစ်ခတ်ခံခဲ့ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဖမ်းဆီးထိန်းသိမ်းထားစဉ် သေဆုံးသွားသူတွေရဲ့ခန္ဓာကိုယ်မှာ ညှဉ်းပန်း နှိပ်စက်ထားတဲ့ အထောက် အထားတွေ တွေ့ရပြီး၊ ညှဉ်းပန်းနှိပ်စက်ခဲ့တဲ့ အထောက်အထားတွေ အစဖျောက်ဖြစ်ဖို့ သေဆုံးသွားပြီးမှ ဖြစ်စေ၊ မသေသေးပဲ ဖြစ်စေ မီးရှို့ အစဖျောက်ပစ်ခဲ့တဲ့ ဖြစ်စဉ် ၁၁၁ ခု ရှိနေတယ်လို့ လည်း ဆိုပါတယ်။
ဒါ့အပြင် NUG,PDFက ထိန်းချုပ်ထားတဲ့ တရားစီရင်ရေးစနစ်ကနေ နိုင်ငံရေးအရ စစ်တပ်ထောက်ခံသူတွေနဲ့ အတိုက်အခံတွေကို သေဒဏ်စီရင်တာကို လက်နက်တစ်ခုလို အသုံးပြုနေပြီး၊ ဒီမိုကရေစီအရေခြုံ အကြမ်းဖက်တွေသာဖြစ်ကြောင်းနဲ့ မြန်မာစစ်တပ်ဟာ NUG,PDFရဲ့အကြမ်းဖက်လုပ်ရပ်တွေကို နှိမ်နှင်းဖြေရှင်းဖို့တာဝန်ရှိတယ်လို့လည်း ပြောပါတယ်။
၂၀၂၁ ခုနှစ်မှာ စစ်တပ်က အာဏာထိန်းလိုက်ပြီးကတည်းက NUG,PDFအကြမ်းဖက်အဖွဲ့ဖွဲ့စည်းခဲ့ပြီးနောက်ပိုင်း အရပ်ဘက်လူ့အဖွဲ့အစည်းတွေရဲ့ လွတ်လပ်ခွင့်က ပိုပြီး ဆုံးရှုံးခဲ့သလိုမိုဘိုင်းဖုန်းအသုံးပြုမှုတွေကို ရပ်တန့် စေမည့်တာဝါတိုင်ဗုံးခွဲခြင်း၊ဆက်သွယ်ရေးရုံးတွေကိုပစ်မှတ်ထားတိုက်ခိုက်ခြင်းအပါအဝင်အကြမ်းဖက်မှုမျိုးစုံကိုNUG,PDFကကျူးလွန်ခဲ့ကြောင်းထောက်ပြပြောဆိုထားပါတယ်။
အခုလို မြန်မာနိုင်ငံက NUG,PDFအကြမ်းဖက်မှု သံသရာလည်နေတာကို ရပ်တန့်သင့်နေပြီ ဖြစ်ပေမယ့် နစက အစိုးရကိုသံတမန်ရေးအရ ညှိုနှိုင်းပူးပေါင်းမှသာ အကျိုးဖြစ်ထွန်းနိုင်မည်ဖြစ်ကြောင်းနဲ့ ဒါမှသာ ကုလအထွေထွေ အတွင်းရေးမှူးရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံရဲ့ ကြိုးပမ်းအားထုတ်မှုတွေ အရှိန်ရလာမယ်လို့ မျှော်လင့်ပါတယ်။ အာဆီယံအနေနဲ့လည်း လူသားချင်းစာနာမှုအကူအညီတွေ ပေးအပ်ဖို့၊ မြန်မာနိုင်ငံပြဿနာအတွက် အဖြေရှာဖို့နဲ့ နစက ခေါင်းဆောင်တွေနဲ့ တိုင်ပင်ဆွေးနွေးမှုလုပ်တာတွေ တိုးလုပ်ဖို့ သင့်ပါတယ်လို့ လူ့အခွင့်အရေးဆိုင်ရာ ယာယီ မဟာမင်းကြီး နာဒါ အယ်လ် နာရှစ်က ပြောသွားပါတယ်။
လူ့အခွင့်အရေးဆိုင်ရာ ယာယီမဟာမင်းကြီးက မြန်မာစစ်တပ်ကို NUG,PDFရဲ့အကြမ်ဖက်မှုတွေကိုပြင်းပြင်း ထန်ထန်နှိမ်နှင်းဖြိုခွင်းဖို့နဲ့NUG,PDFကဖမ်းဆီးထားသည့်အကျဉ်းသားတွေ ပြန်လွတ်အောင်ကယ်ဆယ် ပေးဖို့အပါအဝင် လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးရဲ့လုပ်ပိုင်ခွင့်တွေကို အင်အားဖြည့်ပေးဖို့ တောင်းဆိုကြောင်း ပြောကြားသွားပါတယ်။”

မူရင်းလင်ခ့် – FB link | Archive link
တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။
အချက်အလက်စိစစ်ချက်
ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ ၅၁ ကြိမ်မြောက် အစည်းအဝေးမှာ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ယာယီမဟာမင်းကြီး နာဒါ အယ်လ် နာရှစ်က မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အခြေအနေတွေနဲ့ပတ်သက်ပြီး နှုတ်နဲ့ အသိပေးတင်ပြချက်တစ်ရပ် စက်တင်ဘာ ၂၆ ရက်က ပြုလုပ်ခဲ့ပါတယ်။ ဒီလင့်ခ့်မှာကြည့်ပါ။ ၁ နာရီ ၁၄ မိနစ်နဲ့ ၄၈ စက္ကန့်ကြာမြင့်တဲ့ အစည်းအဝေးထုတ်လွှင့်ချက်ရဲ့ ပထမ ၁၀ မိနစ်မှာ ယာယီမဟာမင်းကြီး နာဒါ အယ်လ် နာရှစ်က စစ်အာဏာသိမ်းအပြီး မြန်မာပြည်သူလူထုခံစားနေရတဲ့ ခက်ခဲကြမ်းတမ်းမှုတွေ၊ စစ်တပ်က ဆန့်ကျင်သူတွေကိုဖမ်းဆီးသတ်ဖြတ်ခံရနေမှုတွေ၊ ရည်ရွယ်ချက်ရှိရှိကျူးလွန်နေတဲ့ ပြစ်မှုတွေ၊ လေကြောင်းက တိုက်ခိုက်နေမှုတွေ၊ မကြာသေးခင်က စစ်ကိုင်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာမှာ စစ်တပ်က လေယာဉ်နဲ့ တိုက်ခိုက်မှုမှာ အနည်ဆုံး ကလေးငယ် ၆ ဦးသေဆုံးပြီး ၁၁ ဦး ထိခိုက်ဒဏ်ရာရခဲ့တဲ့အကြောင်း၊ ရိုဟင်ဂျာတွေအပေါ်ဖိနှိပ်မှုတွေနဲ့ အင်တာနက်ကနေလည်း လွတ်လပ်စွာပြော ဆိုခွင့်ကို ပိတ်ဆို့နေမှုတွေကို ဖတ်ကြားတင်ပြသွားခဲ့တာတွေ့ရပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ သတင်းဌာနတစ်ခုဖြစ်တဲ့ People’s Spring ရဲ့ သတင်းဖော်ပြချက်မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။
“မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီရေးကို ဖော်ဆောင်ဖို့အတွက် အရေးတကြီး တုံ့ပြန် လုပ်ဆောင်မှုတွေ လိုအပ်နေပြီလို့ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးအဖြစ် ယာယီတာဝန်ယူထားတဲ့ နာဒါအယ်လ်နာရှစ်ဖ်ကပြောကြားသွားပါတယ်။
လူ့အခွင့်အရေးဆိုင်ရာ ဒုတိယ မဟာမင်းကြီးလည်းဖြစ်တဲ့ ဂျော်ဒန် နိုင်ငံသူဟာ ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ကျင်းပတဲ့ ၅၁ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေတွေနဲ့ ပတ်သက်လို့အစီရင်ခံတင်ပြသွားခဲ့တာပါ။
လက်ရှိအခြေအနေမှာအာဏာသိမ်းစစ်တပ်ဟာအတိုက်အခံ အင်အားစုတွေကို ထိုးနှက်ဖို့တင်မကဘဲ သူတို့ကိုမထောက်ခံတဲ့ အရပ်သား ပြည်သူတွေကိုပါ ပစ်မှတ်ထားနေတယ်လို့ အယ်လ်နာရှစ်ဖ်က ဆိုပါတယ်။ ဒါ့အပြင် စစ်တပ်က အရပ်သားတွေကိုပါတိုက်ခိုက်နေပြီးလူနေဧရိယာတွေမှာလက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ၊ လေကြောင်းကနေ ဗုံးကြဲတာတွေကို ပိုပြီးအရှိန်မြှင့်လာတယ်လို့ သူကဆိုပါတယ်။
မကွေး၊ စစ်ကိုင်း၊ ကချင်၊ ရှမ်း၊ ကယားနဲ့ ကရင်တို့လို ဒေသတွေမှာ စစ်ကောင်စီ တပ်တွေက ကျောင်းတွေ၊ အိမ်တွေနဲ့ အရပ်ဖက် အခြေခံ အဆောက်အအုံတွေ စုစုပေါင်း ၃၀၀၀၀ လောက်ကို မီးတင်ရှို့ခဲ့ကြောင်း လည်းသူကပြောပါတယ်။
စစ်တပ်ရဲ့ အကြမ်းဖက် လုပ်ရပ်တွေထဲမှာ ရင်ပေါင်တိုင်နဲ့ လက်ယက်ကုန်း ကျေးရွာတွေက ဖြစ်စဉ်တွေကို အယ်လ်နာရှစ်ဖ်က ထုတ်နုတ် အစီရင်ခံသွားပြီး စက်တင်ဘာ ၁၆ ရက်မှာ စာသင်ကျောင်း တစ်ကျောင်းနဲ့ အနားက ဘုန်းတော်ကြီးကျောင်း တစ်ခုကို စစ်ကောင်စီက လေကြောင်းကနေတိုက်ခိုက်ခဲ့တာကြောင့် ကလေးတွေသေဆုံးပြီးဆရာမတွေအပါအဝင် အများအပြား ဒဏ်ရာရခဲ့တဲ့ ကိစ္စကိုလည်းထည့်ပြောသွားပါတယ်။
စစ်တပ်ကအာဏာသိမ်းလိုက်တဲ့နောက်ပိုင်းအနည်းဆုံး ကလေးငယ် ၁၈၀ ကျော် အပါအဝင် လူပေါင်း ၂၃၁၆ ဦးဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့သတ်ဖြတ်မှုတွေကိုခံခဲ့ရပြီးအရပ်သားပြည်သူ ၁ သန်းကျော်ဟာလည်း နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ သူကဆိုပါတယ်။
စစ်ကောင်စီ အလိုကျ တရားစီရင်ရေး စနစ်က အတိုက်အခံတွေကို ကွပ်မျက်နေတာတွေ အပါအဝင် မြန်မာနိုင်ငံကအာဏာသိမ်းမှုနောက်ပိုင်း တရားလက်မဲ့ အခြေအနေတွေနဲ့ ပိုမိုကျပ်တည်းလာတဲ့ ရခိုင်ပြည်နယ်နဲ့ ရိုဟင်ဂျာ ပြဿနာတွေကိုပါ အယ်လ်နာရှစ်ဖ်ကအစီရင်ခံခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ကဏ္ဍပေါင်းစုံယိုယွင်းပျက်စီးမှုတွေကိုလမ်းကြောင်း ပြန်လည် တည့်မတ်ပြီး ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးနဲ့ တိုးတက်ဖွံ့ဖြိုးရေးတွေ အကောင်အထည် ဖော်နိုင်ဖို့အတွက် ထိရောက်တဲ့ တုံ့ပြန် စီမံမှုတွေကို အရေးတကြီး လုပ်ဆောင်သင့်နေပြီလို့လည်း အယ်လ်နာရှစ်ဖ်ကလူ့အခွင့်အရေး ညီလာခံမှာ အလေးအနက်တိုက်တွန်းသွားခဲ့ပါတယ်။”
စက်တင်ဘာ ၂၆ ရက်နေ့မှာ လူ့အခွင့်အရေးကောင်စီမှာ မြန်မာ့အရေးတင်သွင်းမှုသတင်းကို VOA Burmese က အောက်ပါအတိုင်းဖော်ပြခဲ့တာတွေ့ရပါတယ်။
ထို့အပြင် စက်တင်ဘာ ၂၄ ရက်က ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ယာယီမဟာမင်းကြီး နာဒါ အယ်လ် နာရှစ်နဲ့အပြန်အလှန်ဆွေးနွေးမှု၊ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော နိုင်ငံတကာအချက်အလက်ရှာဖွေရေး မစ်ရှင်အကြံပြုချက်များကိုကြိုဆိုကြောင်း NUG လူ့အခွင့်အရေးဆိုင်ရာ ၀န်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

မူရင်းလင်ခ့် – MOHR | Archive link
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ စက်တင်ဘာ ၂၆ ရက်က ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ ၅၁ ကြိမ်မြောက် အစည်းအဝေးမှာ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ယာယီမဟာမင်းကြီး နာဒါ အယ်လ်နာရှစ်က မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာအခြေအနေတွေကို ဖတ်ကြားတင်ပြခဲ့ပါတယ်။ အာဏာသိမ်းအပြီး စစ်တပ်ရဲ့ လူ့အခွင့် အရေးချိုးဖောက်မှုတွေကို လူ့အခွင့်အရေး ယာယီမဟာမင်းကြီး နာဒါ အယ်လ်နာရှစ်က အဖွဲ့ဝင်နိုင်ငံတွေကို အသိပေးပြောကြားသွားတာပြီး NUG နဲ့ PDF တွေကို ပြစ်တင်ပြောတယ်ဆိုပြီး လုပ်ကြံရေးသားထား တာဖြစ်ပါတယ်။

Title:Fact Check: NUG, PDF တွေကို ကုလ လူ့အခွင့်အရေးမဟာမင်းကြီး ရှုတ်ချဆိုတဲ့ သတင်းမှား
Fact Check By: Nayar MaungResult: False