
အထင်ကရပွဲတစ်ခုဖြစ်တဲ့ တန်ဆောင်တိုင်ပွဲကျင်းပတဲ့ နိုဝင်ဘာ ၇ ရက်နေ့မှာ ဗုံးအလုံး ၃၀ ပေါက်ကွဲပြီး ပွဲပျက်ကုန်တယ်လို့ဆိုတဲ့ ဗွီဒီယိုပိုစ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့ခဲ့ပါတယ်။
“Meas Davuth” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာအောက်ပါအတိုင်း ဗွီဒီယိုတစ်ခုကို မျှဝေထားပါတယ်။ ဗွီဒီယို thumbnail စာသားထဲမှာ “07/11/2022 မနက်ခင်းသတင်း တန်ဆောင်တိုင်ဗုံးအလုံး (၃၀) ပေါက်ကွဲ ပွဲပျက်ကုန်ပီဗျို့”လို့လည်းရေးသားထားပါတယ်။

မူရင်းလင်ခ့် – FB link | Archive link
တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာမှာ လည်းတွေ့ရပါတယ်။
အချက်အလက်စိစစ်ချက်
၉ မိနစ်ကျော် ရှည်တဲ့ ဒီဗွီဒီယိုပါ အသံဖိုင်ထဲက အကြောင်းအရာဟာ တန်ဆောင်တိုင်ပျော်ပွဲရွှင်ပွဲတွေအပေါ် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ (pdf )တွေဘာပြောသလဲဆိုတဲ့သတင်း၊ ပညာရေးမြို့တော်ဖော်ဆောင်နေသည့် KIO နယ်မြေ မိုင်ဂျာယာန်သို့ စစ်ကောင်စီလက်နက်ကြီးဖြင့် ပစ်ခတ်ဆိုတဲ့သတင်း၊ ဘားအံမြို့မှာ (၆၇) နှစ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနားကျင်းပဖို့ စစ်ကောင်စီဘက်က ပြင်ဆင်နေချိန်မှာပဲ အကြိုပွဲကျင်းပတဲ့နေ့ကဗုံး ပေါက်ကွဲမှုဖြစ်ပွားဆိုတဲ့ လွတ်လပ်တဲ့သတင်းဌာနများက တင်ဆက်ဖော်ပြထားပြီးသား သတင်းများကို ပြန်လည်ဖတ်ကြားနေတာသာ ဖြစ်ပါတယ်။
ကရင်ပြည်နယ်နေ့ အကြိုနေ့မှာ ဘားအံမြို့မှာ ပေါက်ကွဲမှုဖြစ်တဲ့သတင်းကို ဒီလင့်ခ်မှာကြည့်ပါ။ KIO နယ်မြေ မိုင်ဂျာယာန်သို့ စစ်တပ်လက်နက်ကြီးဖြင့် ပစ်ခတ်တဲ့သတင်းကို ဒီလင့်ခ်မှာကြည့်ပါ။ တန်ဆောင်တိုင်ပျော်ပွဲရွှင်ပွဲတွေအပေါ် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ (pdf )တွေဘာပြောသလဲသတင်းကို ဒီလင့်ခ်မှာ ကြည့်ပါ။
“07/11/2022 မနက်ခင်းသတင်း တန်ဆောင်တိုင်ဗုံးအလုံး ( ၃၀ ) ပေါက်ကွဲ ပွဲပျက်ကုန်ပီဗျို့”လို့ ဒီဗွီဒီယိုမှာ ရေးသားထားပေမဲ့ ဗွီဒီယိုတစ်ခုလုံးမှာ ဒီအကြောင်းအရာနဲံ့ ပတ်သတ်တာ မပါဝင်ပါဘူး။ အခြားသော လွတ်လပ်တဲ့မီဒီယာတွေမှာလည်း ဒီလိုဗုံးအလုံး ၃၀ ပေါက်ကွဲတာကြောင့်ပွဲပျက်သွားတယ်ဆိုတဲ သတင်းဖော်ပြချက်မျိုးမရှိပါဘူး။
သုံးသပ်ချက်အထက်ပါအချက်တွေအရ “07/11/2022 မနက်ခင်းသတင်း တန်ဆောင်တိုင်ဗုံးအလုံး ( ၃၀ ) ပေါက်ကွဲ ပွဲပျက်ကုန်ပီဗျို့”လို့ ဆိုတဲ့ ဗွီဒီယိုပို့စ်ဟာ လူအများစိတ်ဝင်စားမှုရရှိအောင် သတင်းခေါင်းစဥ် ဖန်တီး ပြုလုပ်ထားခြင်းမျိုးသာဖြစ်ပြီး ဗွီဒီယို အတွင်းမှာ သတင်းခေါင်းစဥ်ပါ အကြောင်းအရာ မဟုတ်ဘဲ ပျံ့နှံ့ခဲ့ပြီးဖြစ်တဲ့ သတင်းဌာနတွေက သတင်းတွေကို ဖတ်ကြားနေခြင်းသာဖြစ်ပါတယ်။

Title:Fact Check: တန်ဆောင်တိုင်ပွဲ ဗုံးအလုံး ၃၀ ပေါက်ကွဲပြီး ပွဲပျက်ဆိုတဲ့ သတင်းတု
Fact Check By: Zun ZeeResult: Misleading