
စစ်ကောင်စီက တော်လှန်ရေးအင်းအားစုတွေရဲ့ တောင်းဆိုချက် ၁၀ ချက်ကို သဘောတူလက်မှတ်ရေး ထိုးလိုက်ပြီးနောက် နိုင်ငံတဝန်းက တပ်တွေ နေပြည်တော်ပြန်နေပြီလို့ ဆိုလိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေနေတာတွေ့ရပါတယ်။ နားလည်မှုလွဲမှာစေနိုင်တဲ့ သတင်းတုဖြန့်ချိမှုသာဖြစ်တယ်။
အောက်ပါစခရင်ရှော့ကတော့ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုကရယူထားခြင်းဖြစ်တယ်။ ဗွီဒီယိုပါစာသားကောက်နုတ်ချက်ကိုလည်း ကြည့်ပါ။
“အချက် ၁၀ ချက် သဘောတူလိုက်ပြီ
နိုင်ငံတစ်ဝန်းတပ်များအားလုံး နေပြည်တော်ပြန်နေပြီ
စစ်ကောင်စီ လက်မှတ်ထိုးပြီ”
မူရင်းလင်ခ့် – Youtube link | Archive link
အချက်အလက်စိစစ်ချက်
စစ်ကောင်စီက သောင်ရင်းသဘောတူညီချက်နဲ့ ပတ်သက်ပြီး သဘောတူလက်မှတ်ထိုး တယ်ဆိုတာ ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေက ဖော်ပြချက်မရှိပါဘူး။ ဒီလိုပဲ နိုင်ငံတဝန်းက တပ်တွေ နေပြည်တော်ကို ပြန်လာနေပြီဆိုတာလည်း သတင်းမှားသာဖြစ်တယ်။ ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Mandalay Khitthi” ယူကျူ့ချန်နယ်ဟာ အခုလိုပဲ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေဖြန့်ချိတဲ့နေရာဖြစ်တယ်။
တကယ်တမ်းမှာ ဗွီဒီယိုထဲမှာဖော်ပြထားတဲ့ အကြောင်းအရာတွေဟာ မဇ္ဈိမသတင်းဌာနကဖော်ပြခဲ့တဲ့ “စေ့စပ်ဆွေးနွေးခြင်းကို လက်မခံကြောင်းအပါအဝင် အချက် ၁၀ ချက် သောင်ရင်းဆွေးနွေးပွဲ သဘောထား ထုတ်ပြန်”၊ “မောင်း”မီဒီယာကဖော်ပြခဲ့တဲ့ “စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲအတွက် နိုင်ငံတကာရဲ့ ထောက်ခံယုံကြည်မှုရထားဟု မင်းအောင်လှိုင် ခပ်တည်တည်နှင့်ပြော”၊ လူထုနွေဦး သတင်းဌာနကဖော်ပြခဲ့တဲ့ “ရွှေသောင်ယံမြို့ကို ထိန်းချုပ်ထားနိုင်ဟု စစ်ကောင်စီဝါဒဖြန့်”၊ “မဲ့ပရိဗျူဟာစခန်းသိမ်းပိုက်မှု စစ်ကောင်စီတပ်မှအရာရှိအပါအဝင် စစ်သုံ့ပန်း ၃၀ခန့် ဖမ်းမိ”စတဲ့အကြောင်းအရာတွေသာဖြစ်တယ်။
သုံးသပ်ချက်
စစ်ကောင်စီက သောင်ရင်းတောင်းဆိုချက် ၁၀ ချက်ကို သဘောတူလက်မှတ်ရေးထိုးပြီးနောက် နိုင်ငံတဝန်းက တပ်တွေ နေပြည်တော်ပြန်နေပြီဆိုတာ မဟုတ်ပါဘူး။ “Mandalay Khitthi” ဟာ သတင်းမီဒီယာတွေက သတင်းတချို့ကို ကူးယူဖော်ပြပြီး သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေဖြန့်ချိတဲ့နေရာဖြစ်တယ်။

Title:Fact Check: သောင်ရင်းတောင်းဆိုချက် ၁၀ ချက်ကို စစ်ကောင်စီသဘောတူပြီး နိုင်ငံတဝန်းက တပ်တွေ နေပြည်တော်ပြန်ခေါ်တဲ့ သတင်းတု
Written By: Zun ZeeResult: False